News

POST TYPE

LATEST NEWS POST

ပုပ်ရဟန်းမင်းကြီးလှူဒါန်းငွေ ဘူးသီးတောင်နှင့် မောင်တောမြို့များ၏ စီမံကိန်းများတွင်သုံးမည်
01-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် လှူဒါန်းသည့် အမေရိကန်ဒေါ်လာ တစ်သိန်း (ကျပ်သိန်း တစ်ထောင်ကျော်)ကို ဘူသီးတောင်နှင့် မောင်တောမြို့ရှိ လမ်းဖောက်ခြင်း၊ ရေသန့်စက်ဝယ်ယူခြင်းနှင့် ရေကန်များ ဖော်ထုတ်ခြင်းစသော ရေရှည်စီမံကိန်းများတွင် အကောင်ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ ငြိမ်းချမ်းမေတ္တာ ဖောင်ဒေးရှင်းပူးတွဲတည်ထောင်သူ ဟာဂျီ ဦးအေးလွင်က ပြောကြားသည်။

“အလှူငွေတွေကို သာသာနာရေးဝန်ကြီးဌာနက ဘဏ်ထဲထည့်ထားတယ်။ အစိုးရနဲ့ ကတ်ဘိနက်တို့က နှစ်ကြိမ် အစည်းအဝေးလုပ်ပြီးမှ လက်ခံခဲ့တာပါ။ ပွင့်လင်းမြင်သာမှုရှိရှိ ပဋိပက္ခနယ်မြေကို အစွဲကင်းသူတွေကို သွားရောက်ခွင့်ပြုခဲ့တဲ့ရလဒ်ကောင်းတစ်ခုပေါ့”ဟု ၎င်းကဆိုသည်။

လှူဒါန်းပွဲတွင် ရခိုင်ပြည်နယ်အစိုးရက ဘူသီးတောင်၊ မောင်တောဒေသများတွင် လမ်းဖောက်လုပ်ခြင်း၊ ရေကန်၊ ရေသန့်စက်များနှင့် ရေရှည် တည်မြဲမည်စီမံကိန်းများတွင် အသုံးချမည်ဟု ပြောကြားခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အဆိုပါငွေ လှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၃၀ ရက်က စစ်တွေမြို့ ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ထံ လွဲပြောင်းပေးအပ်သည်။

ဘူသီးတောင်၊ မောင်တောဒေသတွင် အဓိက လိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးနှင့် သောက်သုံးရေ အဓိက လိုအပ်နေကြောင်း၊ ကုန်ကျစရိတ်အဖြစ် မြေပြင်ကွင်းဆင်း လေ့လာတွေ့ရှိချက်များကို စက်တင်ဘာလ ၁၅ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောကြားသည်။

ငြိမ်းချမ်းမေတ္တာ ဖောင်ဒေးရှင်းကို မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည်။

J-18