News

POST TYPE

LATEST NEWS POST

မြောက်ကိုရီးယားကို အပြုသဘော ဆက်ဆံကြရန် တောင်ကိုရီးယားသမ္မတ ကုလတွင် တိုက်တွန်း
28-Sep-2018



နယူးယောက်၊ စက်တင်ဘာ ၂၇

ကမ္ဘာ့အစိုးရများအနေနှင့် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး တိုးတက်စေဖို့ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် အပြုသဘော ထိတွေ့ဆက်ဆံကြစေလိုကြောင်း တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ကုလသမဂ္ဂတွင် ပြောကြားသောမိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့သည်။ 

တောင်ကိုရီးယားသမ္မတသည် မြောက်ကိုရီးယားခေါင်းဆောင်နှင့် သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီး ကင်ဂျုံအန်းကို ကုလသမဂ္ဂတွင် ချီးမွမ်းပြောဆိုခဲ့သည်။

ကင်သည် ကိုရီးယားကျွန်းဆွယ် နိုင်ငံရေးအခြေအနေ လမ်းကြောင်းများကို ပြောင်းခဲ့လေပြီဟု မွန်းဂျေအင်းက ဆိုသည်။ 

“မြောက်ကိုရီးယားသည် ကာလရှည်ကြာ ဧကစာရီကျင့်သုံးနေရာက ၎င်းတို့၏အစီအစဉ်ဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ပြန်လည်ရပ်တည်လာပါပြီ”ဟု မွန်းဂျေအင်းက ပြောကြားသည်။ 

“ယခုအချိန်ဟာမြောက်ကိုရီးယားရဲ့ ရွေးချယ်မှုအသစ်တွေနဲ့ အားထုတ်ကြိုးပမ်းမှုတွေကို အပြုသဘောဆောင်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက တုံ့ပြန်ရမယ့် အချိန်ပါ”ဟု မွန်းဂျေအင်းက ဆိုသည်။

ပြုံးယမ်းအနေနှင့် နျူကလီးယားအစီအစဉ်နှင့် တိုက်ချင်းပစ် ဒုံးကျည်အစီအစဉ်ကို ရုပ်သိမ်းကာ စီးပွားရေးပိတ်ဆို့မှုကို လျှော့ချစေလိုသည့် အစီအစဉ်သို့သွားရန် တောင်ကိုရီးယားသမ္မတက မြောက်ကိုရီးယားနှင့် ဆွေးနွေးလျက်ရှိသည်။ 

ယင်းအစီအစဉ်ကို အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်တို့ဘက်မှ စိန်ခေါ်မှုများရှိနေပြီး ၎င်းတို့က စီးပွားရေးပြန်ဖွင့်စေလိုလျှင် လက်နက်အစီအစဉ်များကိုအလုံးစုံ ရပ်ဆိုင်းရမည်ဟု လိုလားနေသည်။ 

ယခုအချိန်သည် ကင်ဂျုံအန်းဘက်သို့ အပြုသဘောလိုက်လျောမှုများ ပြုရတော့မည့်အချိန်ဟု မွန်းဂျေအင်းက ဆိုသည်။

“နျူကလီးယားဖျက်သိမ်းရေးမှာဥက္ကဋ္ဌကင်ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့က အာမခံချက်ပေးရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။ 

“ထာဝရခိုင်မာတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာ မြောက်ကိုရီးယားရှိဖို့အတွက် ကျွန်တော်တို့က တိုက်တွန်းအားပေးရမှာ ဖြစ်ပါတယ်”ဟု မွန်းက ပြောကြားသည်။  

F-02