News

POST TYPE

LATEST NEWS POST

ထိုင်း PTTEP က သရက်တွင် ရေနံနှင့် ဓာတ်ငွေ့ရှာဖွေမည်
27-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၂၆

ထိုင်းအခြေစိုက် PTTEP ကုမ္ပဏီက မြန်မာပြည်အလယ်ပိုင်းဒေသ သရက်ခရိုင်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းကို လာမည့်နိုဝင်ဘာမှ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဉာဏ်ထွန်းက ပြောကြားသည်။

PTTEP ကုမ္ပဏီကို သရက်ခရိုင် ကုန်းတွင်းရေနံလုပ်ကွက် အမှတ် MOGE3 တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေရန် ငါးနှစ်တာသတ်မှတ်ခွင့်ပြုထားပြီး လက်ရှိတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ရှာဖွေရေးအတွက် မြေပြင်ဆိုက်စမစ် တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ထံမှသိရသည်။

“ဒီနှစ်ကုန်လောက်မှာ စဆောင်ရွက်ဖို့ ခွင့်ပြုချက် ရပြီးပါပြီ၊ ဒီလုပ်ကွက်ကနေ မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍကို အထောက်အပံ့ပေးမယ်လို့ မျှော်လင့်ထားတယ်”ဟု PTTEP ကုမ္ပဏီ၏ ရန်ကုန်ရုံးခွဲ အထွေထွေမန်နေဂျာက ဆိုသည်။

သရက်ခရိုင် (ပိတောက်ပင်-နတ်မီးဒေသ ) ကုန်းတွင်းရေနံလုပ်ကွက် အမှတ် MOGE3 မှာ ဧရိယာစတုရန်း ၁၂၁၇ မီတာ ကျယ်ဝန်းပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် PTTEP ကုမ္ပဏီတို့အကြားကို အကျိုးတူလုပ်ကိုင်ရန် ၂၀၁၅ ခုနှစ် ဩဂုတ်လမှစတင်၍ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ကုန်းတွင်းလုပ်ကွက်စုစုပေါင်း ၅၃ ခုရှိပြီး ယင်းတို့တွင်ဖွင့်လှစ်ပြီး လုပ်ကွက် ၁၇ ခုနှင့် လည်ပတ်ဆဲ လုပ်ကွက် ၃၆ ခု ရှိသည်။

လက်ရှိကုန်တွင်းလုပ်ကွက်များမှ နေ့စဉ်ရေနံစည်ပေါင်း ခြောက်ထောင့်ငါးရာ ဝန်းကျင်ထွက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

J-14