News

POST TYPE

LATEST NEWS POST

ကင်ဂျုံအန်းနှင့် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံရန် မျှော်လင့်ဟု ထရမ့်ပြောကြား
26-Sep-2018



နယူးယောက်၊ စက်တင်ဘာ ၂၅ 

အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် မဝေးကွာတော့သည့်ကာလတွင် နောက်ထပ်တစ်ကြိမ် ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

မြောက်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုအကြား ဆက်ဆံရေးနှင့် ပတ်သက်၍ ထရမ့်က “တိုးတက်ဖြစ်ထွန်းမှုတွေ ရှိထားပါပြီ”ဟု တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနှင့် နယူးယောက်မြို့တွင် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။ 

“နှစ်နိုင်ငံဆက်ဆံရေးဟာ အချို့နေရာမှာ မယုံကြည်နိုင်လောက်အောင်ကို အရမ်းကောင်းနေပါတယ်”ဟုလည်း သမ္မတထရမ့်က ဖြည့်စွက်ပြောကြားသည်။ 

လွန်ခဲ့သည့်တစ်နှစ်ခန့်က အမေရိကန်နှင့်မြောက်ကိုရီးယားတို့သည် နျူကလီးယားဆိုင်ရာ ထိပ်တိုက်တွေ့မှုများဖြစ်ပေါ်ခဲ့ပြီး ထရမ့်နှင့် ကင်ဂျုံအန်းတို့သည်လည်း တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ပုတ်ခတ်ပြောဆိုခဲ့ကြသည်။ ထို့နောက် ယခုနှစ် ဇွန်လ ၁၂ ရက် စင်ကာပူ၌ ထရမ့်နှင့် ကင်ဂျုံအန်းတို့ ပထမဆုံးထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့ရာ ဆက်ဆံရေးများ ထူးထူးခြားခြားပင် ပြောင်းလဲသွားခဲ့သည်။ 

ယမန်နေ့က ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ မတက်ရောက်မီ သမ္မတထရမ့်က မကြာမီကာလအတွင်း နောက်ထပ် ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပနိုင်အောင် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက စီစဉ်ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။ 

သို့သော် ဒုတိယအကြိမ် ကင်ဂျုံအန်းနှင့် ထိပ်သီးဆွေးနွေးပွဲကို မည်သည့်နိုင်ငံတွင်ကျင်းပမည်ကို မဆုံးဖြတ်ရသေးကြောင်း ထရမ့်က ဆိုသည်။ 

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းသည် မကြာသေးခင်က မြောက်ကိုရီးယားနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် သုံးရက်တာမျှ သွားရောက်လည်ပတ်ခဲ့ရာ သမိုင်းဝင်ခရီးအဖြစ် သတ်မှတ်ခံရသည်။ 

အဆိုပါသမိုင်းဝင်ခရီးစဉ် ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးကို အခိုင်အမာဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ကြောင်း သမ္မတမွန်ဂျေအင်းက ဆိုသည်။ သမ္မတထရမ့်နှင့် ထပ်မံတွေ့ဆုံလိုပါသည်ဟုလည်း ကင်ဂျုံအန်းက အသိပေးပြောဆိုခဲ့ကြောင်း မွန်ဂျေအင်းက ပြောကြားသည်။ 

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ စင်ကာပူထိပ်သီးဆွေးနွေးပွဲတွင် နျူကလီးယားဖျက်သိမ်းရေးအတွက် သဘောတူစာချုပ်တစ်ရပ်ကို ထရမ့်နှင့် ကင်ဂျုံအန်းတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော်ယင်း စာချုပ်တွင် မည်သို့မည်ပုံဖော်ပြထားသည်ကို ရှင်းရှင်းလင်းလင်းမသိရပေ။

F-01