News

POST TYPE

LATEST NEWS POST

ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးရေး သုတေသန လုပ်ငန်းများအတွက် ကျပ်သန်း ၁,၃၀၀ သုံးမည်
26-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၂၅

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် ကျန်းမာရေးကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေး သုတေသနလုပ်ငန်းများအတွက် ငွေကျပ်သန်း ၁,၃၀၀ အသုံးပြုမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

“သုတေသနမပါရင် တိုးတက်မှု နှေးကွေးပြီးတော့ မတိုးတက်နိုင်ဘူး။ ဒီအတွက် သုတေသနလုပ်ဖို့ လိုအပ်တယ်”ဟု ၎င်းကဆိုသည်။

ထို့အပြင် ဆေးပညာ နယ်ပယ် အသီးသီးတွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၇-၂၀၁၈ တွင် ဘဏ္ဍာငွေကျပ်သန်း ၁,၀၀၀ နှင့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ဘဏ္ဍာငွေ ကျပ်သန်း ၅၀၀ နှင့် ၂၀၁၈-၂၀၁၉ တွင် ဘဏ္ဍာငွေကျပ်သန်း ၁,၅၀၀ ကို ခွဲဝေချထားပေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

ထို့အပြင် မြန်မာနိုင်ငံအထက်ပိုင်းတွင် ဆေးသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ဆေးနှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ၊ ဆေးရုံများအပြင် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များနှင့် ကွန်ရက်ချိတ်ဆက်ဆောင်ရွက်၍ ပြုလုပ်ရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဖြည့်စွက်ပြောကြားသည်။

“အထက်မြန်မာပြည်ကို သန်း ၆၅၀ နဲ့ အောက်မြန်မာပြည်ကို သန်း ၆၅၀ ခွဲထားပေးသွားမယ်။ Basic Research တွေက မတတ်နိုင်ဘူး။ ကျန်တဲ့အပိုင်းတွေကိုတော့ ထောက်ပံ့ပေးသွားမယ်” ဟု ၎င်းကရှင်းပြသည်။

ထို့အတူ လက်ရှိကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းနှင့် စနစ်တွင် ကြုံတွေ့နေရသော ပြဿနာများ၏ အခြေခံ အကြောင်းတရားကို ဖော်ထုတ်ရန်နှင့် အမျိုးသား ကျန်းမာရေးစီမံကိန်း(National Health Plan 2017-2021) ကို အထောက်အကူ ဖြစ်စေနိုင်ရန်အတွက် အခြေခံသုတေသနများထက် လက်တွေ့အသုံးချသုတေသနများကို ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။

J-12