POST TYPE

LATEST NEWS POST

အမဲဈေးရှေ့တွင် လင်မယားနှစ်ဦးကို လူ ၇ ဦးက ဓားဖြင့် ဝိုင်းခုတ်
26-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၂၅

မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြယာကုန်းရပ်ကွက်၊ မြယာကုန်းလမ်းရှိ စံပြညဈေး (ယခင် အမဲဈေး) ရှေ့တွင် စက်တင်ဘာလ ၂၅ ရက် နံနက် ၉ နာရီ ခန့်က အသက် ၄၀ အရွယ် လင်မယားနှစ်ဦးကို အမျိုးသား ၇ ဦးခန့်က ဓားရှည်များဖြင့် ဝိုင်းခုတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ 

ယင်းမြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ ၁၂၁ လမ်းတွင်နေထိုင်သူ ဦးဇော်ထွန်းမင်း (ခ) ဇော်ကြီးနှင့် ၎င်း၏ ဇနီး ဒေါ်မိမိစိုးတို့သည် ဟိုက်ဂျက်အဖြူရောင်ယာဉ်ဖြင့် ဈေးလာဝယ်စဉ် ယာဉ်သုံးစီးမှ ၎င်းတို့ ယာဉ်ရှေ့တွင် ပိတ်ရပ်ပြီး အမျိုးသား ၇ ဦးခန့် ဆင်းလာကာ ဓားများနှင့် ဝိုင်းခုတ်ခဲ့ကြောင်း၊ ဓားခုတ်ခံရသဖြင့် ဦးဇော်ထွန်းမင်း (ခ) ဇော်ကြီးတွင် ညာလက်မောင်း၊ ညာတံတောင်၊ ဘယ်မျက်လုံးအောက်၊ ဘယ်နားထင်၊ ဘယ်မျက်ခုံး၊ ဘယ်ချိုစောင်း၊ ညာနဖူး၊ ညာနားနောက်၊ ညာလက်ခလယ်၊ ညာလက်ညှိုး၊ ညာလက်ဖျံတို့ ပြတ်ရှဒဏ်ရာများဖြင့်လည်းကောင်း၊ ဒေါ်မိမိစိုးတွင် ဘယ်/ညာ လက်မ၊ ညာလက်ခုံ၊ ညာပခုံး၊ ညာလက်ဖျံတို့တွင် ပြတ်ရှဒဏ်ရာများဖြင့်လည်းကောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရသည်။ 

“အရင်တုန်းက ရန်ဖြစ်ဖူးတဲ့ကိစ္စ မကျေနပ်လို့ ဓားနဲ့ လာခုတ်တာလို့ အကြမ်းဖျင်းသိရတယ်၊ အရင်တုန်းက ဖြစ်ဖူးတဲ့ကိစ္စဆိုတော့ လေးယောက်လောက် နာမည်ရထားတယ်၊ ဓားခုတ်ခံရတဲ့သူတွေက စကားပြောနိုင်ပြီလို့ သိရတယ်၊ ဓားနဲ့ ခုတ်သွားတဲ့သူတွေကိုတော့ မဖမ်းမိသေးဘူး၊ တိုင်းခရိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လိုက်လံရှာဖွေနေပါတယ်”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

ဓားခုတ်မှု ကျူးလွန်သည်ဟုဆိုသော အုပ်စု၏ မှတ်တမ်းဓာတ်ပုံများကို စီစီတီဗီ မှတ်တမ်းများရရှိထားပြီး မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ-၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ထားသည်။ 

J-16