News

POST TYPE

LATEST NEWS POST

အမှုဖွင့်ခံထားရသည့် ရွှေဝါရောင်ဆရာတော် ဦးသောဘိတကို မဟာဂန္ဓာရုံကျောင်းတိုက်မှနှင်ထုတ်
25-Sep-2018

မန္တလေး၊ စက်တင်ဘာ ၂၅

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသည့် ရွှေဝါရောင်ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို မဟာဂန္ဓာရုံကျောင်းတိုက်မှနေ၍ နှင်ထုတ်လိုက်ကြောင်း စက်တင်ဘာလ ၂၅ ရက်နေ့တွင် မဟာနာယကဆရာတော်များနှင့် နာယကဆရာတော်များက ထုတ်ပြန်လိုက်သည်။

ကျောင်းတိုက်၏ ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်ဆောင်နေသည့်အတွက် ယခုကဲ့သို့ နှင်ထုတ်ရခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျောင်းတိုက်ကတော့ အပပြုလိုက်တာ (နှင်ထုတ်လိုက်တာ) က ဟုတ်ပါတယ်။ ဒီနေ့ပဲ နှင်ထုတ်လိုက်တာပါ။ အမှုဖွင့်ထားတဲ့အပိုင်းကတော့ တစ်ရက်နှစ်ရက်နေရင် ဒီအမှုကိုရင်ဆိုင်ဖို့လုပ်နေတယ်။ အဲ့ဒီတော့မှာပဲ ပြောဆိုပေးပါ့မယ်”ဟု မဟာဂန္ဓာရုံကျောင်းတိုက်မှ နှင်ထုတ်ခံထားရသော ဆရာတော်ဦးသောဘိတက မိန့်ကြားသည်။

အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်တွင် သီတင်းသုံးသည့် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) သည် စက်တင်ဘာ ၉ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း တပ်မတော်နှင့် တပ်မတော်သားများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသောစာသားများ လူမှုကွန်ရက်တွင် ရေးသားခဲ့သောကြောင့် တပ်မတော်အရာရှိတစ်ဦးက စက်တင်ဘာလ ၁၇ ရက်နေ့ညတွင် ရဲစခန်း၌ အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။ 

ရွှေဝါရောင်ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်သူ့စစ်မှ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက အမရပူရမြို့မရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ - ၆၆(ဃ) ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

M-04