News

POST TYPE

LATEST NEWS POST

နိုင်ငံရေးတွင် တပ်မတော်ပါဝင်မှု အမြဲတမ်းမဟုတ်ဟု တစညပါတီပြော
25-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၂၄

နိုင်ငံရေးတွင် တပ်မတော်က အချိုးကျ ပါဝင်နေမှုသည် အမြဲတမ်း (Permanent) မဟုတ်ကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည) ဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောကြားသည်။

တစည ပါတီ တည်ထောင်ခြင်း နှစ် (၃၀) ပြည့်သည့် အခမ်းအနားကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ပါတီဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးမတိုင်မီ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

တစည ပါတီအနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲသည့် ညီလာခံများတွင် တောက်လျှောက် ပါဝင်ခဲ့ပြီး ရေးဆွဲစဉ်က ဒီမိုကရေစီ ရင့်ကျက်လာသည်နှင့်အမျှ နိုင်ငံရေးတွင် တပ်မတော်ပါဝင်မှုကို လျှော့ချသွားရန် သဘောတူထားခဲ့ရာ ပြည်သူရွေးချယ်တင်မြှောက်သည့် ဒီမိုကရေစီ သက်တမ်းရင့်ကျက်လာသည့် တစ်နေ့တွင် တပ်မတော်နှင့် ညှိနှိုင်းကာ တဖြည်းဖြည်း ဖယ်ထုတ်သွားရမည်ဖြစ်ကြောင်း ဦးဟန်ရွှေက ပြောကြားသည်။

“ဥပဒေပြုရေးမဏ္ဍိုင်မှာ ၂၅ ရာခိုင်နှုန်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်မှာလည်း ဝန်ကြီးသုံးယောက်ပေါ့။ ညီလာခံမှာ ဆွေးနွေးတုန်းက ဒါက Permanent မဖြစ်ရဘူး။ ယာယီသဘောပဲ ဖြစ်ရမယ်။ ဒီမိုကရေစီ တဖြည်းဖြည်းရင့်သန်လာတာနဲ့အမျှ ဒါလျော့သွားရမယ်။ ပထမသက်တမ်း ၅ နှစ်၊ ဒုတိယ ၁၀ နှစ်၊ တတိယ ၁၅ နှစ် ရင့်ကျက်တဲ့ ဒီမိုကရေစီ ပုံစံမျိုးဖြစ်လာရင် ဒါကိုပြင်ရမယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ပြောကြားသည့် နိုင်ငံတော်အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်ချက်များ အစီရင်ခံတင်ပြချက်တွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆွေးနွေးညှိနှိုင်းပြီး အစိုးရမျှော်မှန်းထားသည့်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်နိုင်မှသာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အာမခံနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိတွင် နိုင်ငံရေး အခြေအနေများအရ တပ်မတော်အနေနှင့် နိုင်ငံရေးမှ အလွယ်တကူ နောက်ဆုတ်သွားမည်ဟု မထင်မိကြောင်း နိုင်ငံရေးဆောင်းပါးရှင် ကိုဘိုထွန်းက သုံးသပ်သည်။

“လတ်တလောမှာတော့ မဖြစ်နိုင်လောက်သေးဘူး။ သူတို့ ဖယ်ပေးမယ်ဆိုတဲ့ အရိပ်အယောင်တောင် မမြင်ရသေးဘူး။ ညှိနှိုင်းမယ်ဆိုရင်တောင် ခက်ခဲလိမ့်မယ်။ ဘယ်လမ်းကြောင်းက ညှိမယ်ဆိုတာလည်း ရှိသေးပုံမရသေးဘူး”ဟု ၎င်းက သုံးသပ်သည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီသည် ပြီးခဲ့သည့် ဦးနေဝင်းအစိုးရ လက်ထက်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ (မ.ဆ.လ) ကို အသွင်ပြောင်းဖွဲ့စည်းထားသည့် သက်တမ်းရင့် ပါတီတစ်ခုလည်း ဖြစ်သည်။

J-08


  • VIA