News

POST TYPE

LATEST NEWS POST

ပေါ်ဆန်းဆန်တစ်အိတ် ကျပ်ရှစ်ထောင် ဈေးတက်
24-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၂၄

ဆန်ဈေးနှုန်းများသည် ဆက်လက်မြင့်တက်လာပြီး ပေါ်ဆန်းဆန် (ရှယ်) အမျိုးအစား တစ်အိတ်လျှင် ယခင်ထက် ကျပ် ၇၀၀၀ မှ ၈၀၀၀ အထိ ဈေးတက်ကြောင်း ဝါးတန်းနှင့် ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်များထံမှ သိရသည်။

ထို့ပြင်ရွှေဘိုပေါ်ဆန်းဈေးနှုန်းမှာလည်း တစ်အိတ်လျှင် ကျပ် ၁၅၀၀ မှ ၁၇၀၀ အထိမြင့်တက်ပြီး ပြည်ပအဓိကပို့သည့် ဆန်ကြမ်းဈေးနှုန်းများလည်း ဆက်လက်မြင့်တက်ကာ တစ်အိတ်လျှင် ကျပ် ၃၀၀ မှ ၁၈၀၀ ခန့်အထိ မြင့်တက်ကြောင်း အဆိုပါဆန်ဈေးကွက်များအတွင်းမှ သိရသည်။

ရန်ကုန်သို့ နယ်ဒေသများမှ ဆန်ဝင်ရောက်မှု ထက်ဝက်နီးပါးလျော့ကျလာခြင်းကြောင့် ထိုသို့ဆန်ဈေးနှုန်းများ ဆက်လက်မြင့်တက်လာခြင်းဖြစ်ပြီး ဆန်ကြမ်းနှင့် ဆန်ချောအမျိုးအစားနှစ်ခုလုံး၏ အရောင်းအဝယ်မှာ အေးစက်ကြောင်း ဆန်ကုန်သည်များက ဆိုသည်။

ရန်ကုန်၏ အဓိကဆန်ဈေးကွက်ကြီးနှစ်ခုဖြစ်သည့် ဝါးတန်းနှင့် ဘုရင့်နောင်ဒိုင်များသို့ ယခင်က တစ်ရက်လျှင် ဆန်အိတ်ရေ ခြောက်သောင်းမှ ရှစ်သောင်းအထိဝင်ရောက်ခဲ့သော်လည်း ယခုအခါ တစ်ရက်လျှင် ဆန်အိတ်ရေ လေးသောင်းမှ ငါးသောင်းခန့်သာ ဝင်ရောက်ကြောင်း ယင်းကုန်စည်ဒိုင်များထံမှ သိရသည်။

လက်ရှိဆန်ဈေးကွက်အတွင်း ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၆၁,ဝ၀၀ မှ ၆၂,ဝ၀၀ အထိ၊ ပေါ်ဆန်းရှယ် တစ်အိတ်လျှင် ကျပ် ၅၀,ဝ၀၀ မှ ၅၃,ဝ၀၀ အထိ၊ ဧည့်မထ ၂၅ မှတ်တစ်အိတ်လျှင် ကျပ် ၂၂,၅၀၀ မှ ၂၂,၈၀၀ အထိ၊ ရက် ၉၀ တစ်အိတ်လျှင် ကျပ် ၂၅,၄၀၀ မှ ၂၅,၈၀၀ အထိနှင့် သီးထပ်ရှယ် တစ်အိတ်လျှင် ကျပ် ၂၄,၅၀၀ မှ ၂၄,၈၀၀ အထိဈေးရှိကြောင်း ဝါးတန်းနှင့် ဘုရင့်နောင် ဆန်ကုန်စည်ဈေးကွက်အတွင်းမှ သိရသည်။

S-04