News

POST TYPE

LATEST NEWS POST

စံတော်ချိန်သတင်းစာပါ “ပြောမိတော့မှာပဲ” ဆောင်းပါးနှင့်ပတ်သက်၍ အယ်ဒီတာချုပ်နှင့် ဆောင်းပါးရှင်ကို အမှုဖွင့်
24-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၂၃

စက်တင်ဘာလ ၁၇ ရက် (တနင်္လာနေ့) ထုတ် စံတော်ချိန် နေ့စဉ်သတင်းစာတွင် ပါရှိခဲ့သော “ပြောမိတော့မှာပဲ” ဆောင်းပါးနှင့်ပတ်သက်၍ ယင်းသတင်းစာတိုက်မှ အယ်ဒီတာချုပ်နှင့် ဆောင်းပါးရှင် ကောင်းဆက်နိုင်တို့ကို ရာဇသတ်ကြီး ပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းအမှုကို မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ဦးစိုးမင်းဦးက တရားလိုပြု တိုင်ကြားထားခြင်းဖြစ်ပြီး မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက စက်တင်ဘာလ ၂၂ ရက် မွန်းလွဲပိုင်းက အမှုဖွင့် အရေးယူမှုကို လက်ခံလိုက်သည်။

“စက်တင်ဘာလ ၂၁ ရက်နေ့က ကောင်စီကို မင်္ဂလာတောင်ညွန့် ရဲစခန်းမှူး ရောက်လာတယ်။ စံတော်ချိန်သတင်းစာမှာပါတဲ့ ဆောင်းပါးနဲ့ပတ်သက်လို့ လူတစ်စုက စခန်းလာ အမှုဖွင့်နေတယ်ပြောတော့ ကောင်စီဘက်က ရှင်းပြလိုက်တယ်။ အမှုဖွင့်တိုင်ကြားလို့ရတယ်။ ဒါပေမဲ့ မီဒီယာဥပဒေအတိုင်း သတ်မှတ်ထားတဲ့ဖောင်တွေမှာ ဖြည့်စွက်တိုင်ကြားပေးရလိမ့်မယ် ရှင်းပြပြီး စခန်းမှူးကို စာရွက်စာတမ်းတွေ ထုတ်ပေးလိုက်တယ်။ အဲဒီအချိန်တည်းက အခုထိတော့ သူတို့ဘက်က ဘာမှပြန်ဆက်သွယ်လာတာ မရှိဘူး”ဟု သတင်းမီဒီယာကောင်စီမှ ဦးမြင့်ကျော်က ရှင်းပြသည်။

သတင်းမီဒီယာကောင်စီအနေနှင့် အမှုဖွင့်မတိုင်ကြားခင် ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်သော်လည်း အကယ်၍ အမှုမှာ တရားရုံးသို့ ရောက်ရှိသွားပါက လုပ်ဆောင်ရ ခက်ခဲသွားနိုင်ကြောင်းနှင့် လက်ရှိ စံတော်ချိန် သတင်းစာတိုက်မှလည်း ဆက်သွယ်လာမှု မရှိသေးကြောင်း ကောင်စီထံမှ စုံစမ်းသိရသည်။ 

စံတော်ချိန်နေ့စဉ်သတင်းစာတွင် ပါရှိခဲ့သည့် ဆောင်းပါးရှင် ကောင်းဆက်နိုင် ရေးသားခဲ့သော “ပြောမိတော့မှာပဲ” ခေါင်းစဉ်ပါ ဆောင်းပါးတွင် ပါဝင်သည့် ဓာတုစေတီဖြစ်သော ရွှေတိဂုံစေတီတော်ကို ငွေတိဂုံ၊ ဘော်တိဂုံဟု လှောင်ပြောင် ခေါ်ဆိုသုံးစွဲခြင်းကိုလည်းကောင်း၊ ဒါတော့ ဒါပေါ့ဗျာ ကျက်သရေချင်းက ကွာသေးတယ်လေ။ နိုင်ငံခြားသားတွေဆိုရင် လက်ညှိုးတထိုးထိုးနဲ့ ဗုဒ္ဓဘာသာဝင်တွေက သူတို့ဘုရားတောင် ချမ်းသာမပေးဘူး။ ဘုရားကို ဂျင်း (ချင်း) ထည့်သွားပုံများ ဒါနဲ့တောင် သူ့ကိုယ်သူ တန်ခိုးကြီးဘုရားတဲ့လားဆိုပြီး အတင်းပြောနေကြတာဗျ။ သိက္ခာကျလိုက်တာဗျာဟူသော အရေးအသားများသည် ရွှေတိဂုံစေတီတော်ကို ယုတ်ညံ့စေနိုင်သည့် အရေးအသားများဖြစ်ကြောင်း တွေ့မြင်ဖတ်ရှုရသည်ဟု တိုင်ကြားစာတွင် ပါရှိခဲ့သည်။

“ကောင်စီက ညှိနှိုင်းပေးတာပေါ့။ ဒါပေမဲ့ ဒီဘက်က အမှုတိုင်သူတွေကလည်း ကောင်စီထံ သူတို့မတိုင်ဘူး။ ရဲဆီမှာပဲ ရာဇသတ်ကြီးပုဒ်မနဲ့ အမှုဖွင့်တိုင်ကြားမယ်ဆိုတော့ မနေ့ကပဲ ပုဒ်မ ၂၉၅ နဲ့ အမှု ဖွင့်ပေးလိုက်တယ်။ အယ်ဒီတာချုပ်နဲ့ ဆောင်းပါးရှင်ကို အမှုဖွင့်ထားတာ။ ထုတ်ဝေသူကိုလည်း အမှုထပ်ဖွင့်ဖို့ ဆောင်ရွက်နေပါတယ်”ဟု မင်္ဂလာတောင်ညွန့် မြို့မ ရဲစခန်းမှူး ဒုရဲမှူး ဇော်ဝင်းနိုင်က ရှင်းပြ သည်။

မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်း တွင် (ပ) ၅၀၁/၁၈ ရာဇသတ်ကြီး ပုဒ်မ ၂၉၅ ဖြင့် ဖွင့်ထားသည့်အမှုမှာ လူတစား ကိုးကွယ်သည့် ဘာသာသာသနာကို စော်ကားရန် အကြံဖြင့် (သို့တည်းမဟုတ်) ကိုးကွယ်ဝတ်ပြုသောနေရာ ဖျက်ဆီးခြင်း (သို့တည်းမဟုတ်) ယုတ်ညံ့စေခြင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါက ပြစ်မှုကျူးလွန်သူကို ထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အမိန့်ချမှတ်နိုင်ကြောင်း ဥပဒေပညာရှင်များထံမှ စုံစမ်းသိရှိရသည်။

အထက်ပါကိစ္စနှင့် ပတ်သက်၍ စံတော်ချိန်သတင်းစာတိုက်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခြင်းမရှိပေ။

S-03