News

POST TYPE

LATEST NEWS POST

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပိုမိုထိရောက်စေရန် ရန်ပုံငွေလိုအပ်ဟုဆို
23-Sep-2018



ရန်ကုန်၊ စက်တင်ဘာ ၂၂ 

မူးယစ်ဆေးဝါးကင်းစင်သော နိုင်ငံတစ်ခုသို့ ရောက်ရှိလာစေရန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းစဉ်များအား ယခင်ထက် ပိုမိုထိရောက်အောင် လုပ်ဆောင်လာနိုင်ရန် ရန်ပုံငွေလိုအပ်ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (ဗဟို) စီမံကိန်းဌာနမှ ဌာနမှူး ရဲမှူးကြီးဇော်လင်းထွန်းက ပြောကြားခဲ့သည်။ 

ကမာရွတ်မြို့နယ်၊ မူးယစ်ပြတိုက်တွင် စက်တင်ဘာလ ၂၀ ရက် နံနက်ပိုင်းက ပြုလုပ်သည့် အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒ ရှင်းလင်းပွဲတွင် ရဲမှူးကြီး ဇော်လင်းထွန်းက မူးယစ်ရဲတပ်ဖွဲ့အနေနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်ရာ၌ သက်ဆိုင်ရာဝန်ကြီးဌာနအချို့၏ ဘတ်ဂျက်ထဲမှ မျှဝေသုံးစွဲနေရကြောင်း၊ ယင်းသို့ သုံးစွဲနေရသဖြင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အခက်အခဲအချို့ရှိနေကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (ဗဟို) စီမံကိန်းဌာနမှ ဌာနမှူး ရဲမှူးကြီး ဇော်လင်းထွန်းက ပြောကြားသည်။ “ရေးဆွဲထားတဲ့ ရန်ပုံငွေ ဥပဒေကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကတည်းက အတည်ပြုထားပြီးပြီ။ နည်းဥပဒေကိုတော့ ရေးဆွဲနေတုန်း။ ခြောက်လအတွင်း အပြီးရေးဆွဲသွားမှာဆိုတော့ ၂၀၁၉ နှစ်ဆန်းပိုင်းလောက်ဆို ပြီးပြီ။ အရင်က မူးယစ်အဖွဲ့မှာ ရန်ပုံငွေမရှိဘူး။ မူးယစ် တားဆီးနှိမ်နင်းရေးအတွက် ပြည်ထဲရေးက ဘတ်ဂျက်ထုတ်ပေးတယ်။ ကျန်းမာရေးနဲ့ ဆေးကုသရေးအတွက်က ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်။ ကျောင်းသားတွေကို အသိပညာပေးဖို့ဆိုရင် ပညာရေးဝန်ကြီးဌာနဘတ်ဂျက်ပေါ့။ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဘတ်ဂျက်ယူပြီး သုံးစွဲရတယ်။ ရန်ပုံငွေရှိပြီဆိုရင် ဝန်ကြီးဌာန ဘတ်ဂျက်နဲ့မလုပ်နိုင်တဲ့ တချို့ Operation တွေကို လုပ်နိုင်လာမယ်။ လုပ်ငန်းတွေ လက်ရှိထက် ပိုပြီး အောင်မြင်လာမယ်” ဟု ၎င်းက ရှင်းပြသည်။ 

ရန်ပုံငွေ ရရှိလာပါက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများအပြင် တပ်ဖွဲ့ဝင်များ၏ တာဝန်ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ဆုပေးဒဏ်ပေးစနစ်များကိုပါ လုပ်ဆောင်လာနိုင်မည်ဖြစ်၍ ယခင်ထက် မူးယစ်အမှုများကို စုံစမ်းဖော်ထုတ်ဖမ်းဆီးရေး လုပ်ငန်းများမှာ ပိုမိုထိရောက်လာနိုင်မည်ဖြစ်ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (ဗဟို) စီမံကိန်းဌာနမှဌာနမှူးက ဆိုသည်။ 

ဖမ်းဆီးရမိသော မူးယစ်အမှုများမှ ဆက်စပ်သိမ်းဆည်းရမိသည့် ငွေကြေးများ၊ ရွှေ့ပြောင်းမရသည့် နေအိမ်တိုက်ခန်းများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် အစိုးရအဖွဲ့ထံ အပ်နှံပေးရသော်လည်း ၂၀၁၉ ခုနှစ်တွင် ရန်ပုံငွေ တည်ထောင်ရေး နည်းဥပဒေကို ရေးဆွဲအတည်ပြုပြီးပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် အပ်နှံပေးထားမှုအချို့ကို နိုင်ငံတော် အစိုးရထံမှတစ်ဆင့် မူးယစ်တပ်ဖွဲ့အနေနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန် ရန်ပုံငွေအဖြစ် ပြန်လည်ချပေးမည်ဖြစ်ကြောင်း မူးယစ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03