News

POST TYPE

LATEST NEWS POST

လူကုန်ကူးသူများက မြန်မာအမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံဥပဒေဖြင့် လက်ထပ်ပေးရန် ကြိုးပမ်း
23-Sep-2018

မန္တလေး၊ စက်တင်ဘာ ၂၂

တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ အမျိုးသမီးတစ်ဦးကို လူကုန်ကူးသူများက တရုတ်နိုင်ငံသို့ခေါ်ယူကာ တရုတ်နိုင်ငံဥပဒေဖြင့် လက်ထပ်ပေးရန် ကြိုးပမ်းမှုကို အချိန်မီတားဆီးနိုင်ခဲ့ကြောင်း မန္တလေးမြို့ရှိ အမှတ် ၁၁ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

တံတားဦးမြို့နယ် တပယ်ကျေးရွာမှ အသက် ၂၉ နှစ်အရွယ်ရှိ ဒေါ်နီနီဝင်းကို လူကုန်ကူးသူများထံမှ အချိန်မီကယ်တင်နိုင်ခဲ့ပြီး စစ်ဆေးခဲ့ရာမှ ယခုကဲ့သို့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲတပ်ဖွဲ့မှ ရဲမှူးမျိုးဇင်က ပြောကြားသည်။

“အရင်တုန်းက မြန်မာနိုင်ငံထဲမှာ လက်ထပ်ယူတယ်။ ပြီးမှခေါ်သွားတတ်ကြတယ်။ အခုအမှုမှာတော့ သူတို့က ဒီအမျိုးသမီးကို သူတို့နိုင်ငံထဲခေါ်သွားပြီးမှ သူတို့ နိုင်ငံဥပဒေနဲ့လက်ထပ်ဖို့ လုပ်သွားတာကို တွေ့ရတယ်။ ဒါက လူကုန်ကူးသူတွေလုပ်လာတဲ့ အစီအစဉ်အသစ်တစ်ခုပါ။ သူတို့ ဥပဒေနဲ့ လက်ထပ်လိုက်ပြီဆိုရင် ကျွန်တော်တို့ဘက်က လူကုန်ကူးကြောင်း ဖော်ထုတ်နိုင်ရင်တောင် အဲ့ဒီအမျိုးသမီးကို ပြန်ခေါ်ဖို့ မဖြစ်နိုင်တော့ဘူး။ ပြန်ခေါ်ရင်လည်း သံရုံးကနေတစ်ဆင့် ဥပဒေနဲ့အညီ လက်ထပ်ထားပါတယ်ဆိုပြီး လုပ်လာမှာ”ဟု ၎င်းက ရှင်းပြသည်။

တရုတ်နိုင်ငံသားတစ်ဦးနှင့်လက်ထပ်ကာ တရုတ်နိုင်ငံတွင်နေထိုင်လျက်ရှိသည့် ဒေါ်စန္ဒာနွယ်ဆိုသော အမျိုးသမီးက တရုတ်အမျိုးသားနှင့်လက်ထပ်ပါကာ ဝင်ငွေကောင်းကြောင်း၊ ထိုသို့လုပ်ရန် စီစဉ်ပေးနိုင်ကြောင်း ယခုနှစ်ဇူလိုင်လကစ၍ စည်းရုံးပြောဆိုခဲ့ကာ ၎င်း၏ညီမ ဒေါ်စန္ဒာအောင်နှင့် ပူးပေါင်းကြံစည်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေါ်နီနီဝင်းကို စက်တင်ဘာလ ၁၆ ရက်နေ့ညပိုင်းက အတင်းအကျပ် ခေါ်ယူကာ လူကုန်ကူးသွားခဲ့သည်ကို ကျေးရွာအုပ်ချုပ်ရေးမှူးက လူကုန်တား ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားနိုင်ခဲ့သည့်အတွက် လားရှိုးမြို့တွင် စက်တင်ဘာလ ၁၇ ရက်နေ့က ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အမှတ် ၁၁ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံးထံမှ ထပ်မံသိရသည်။

လက်ရှိတွင် ဒေါ်နီနီဝင်းကို ခေါ်ဆောင်သွားခဲ့သည့် ဒေါ်စန္ဒာအောင်ကို လားရှိုးမြို့ရှိ အမှတ် ၁၆ လူကုန်တားရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးဥပဒေအရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

“ကျွန်မကိုလာခေါ်တဲ့သူက အရင်တုန်းက အလုပ်လုပ်ရင်းခင်ခဲ့တဲ့သူ။ သူကလည်း တရုတ်တစ်ယောက်နဲ့ ယူထားတာ။ ဒီကနေ လားရှိုးအထိ၊ အဲ့ဒီကနေမှ တရုတ်ဘက်ကို ချက်ချင်းသွားဖို့မှာ ကားမောင်းတဲ့လူက ရဲကို ဖုန်းဆက်လိုက်လို့ ပါမသွားတာ”ဟု ဒေါ်နီနီဝင်းက ပြောကြားသည်။

မန္တလေးတိုင်းအတွင်း ယခုနှစ် ဇန်နဝါရီလမှ လက်ရှိအချိန်အထိ လူကုန်ကူးမှု ၂၂ မှု ဖြစ်ပွားထားခဲ့ပြီး ယင်းအနက် ၁၈ မှုမှာ တရုတ်နိုင်ငံသို့ တရုတ်မယားအဖြစ် ရောင်းစားခံကြရခြင်းဖြစ်ကြောင်း လူကုန်တားရဲတပ်ဖွဲ့၏ စာရင်းများအရသိရသည်။

ယခင်နှစ်များအတွင်းက ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုများ၏ ၈၀ ရာခိုင်နှုန်းမှာလည်း တရုတ်မယားအဖြစ် ရောင်းစားခဲ့ကြခြင်း ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ 

M-04