POST TYPE
LATEST NEWS POST
လက်ငင်းပေးချေစနစ်ဖြင့် ရွှေအရောင်းအဝယ်ပြုလုပ်ရန် ရွှေလုပ်ငန်းရှင်များအသင်း ဆုံးဖြတ်
23-Sep-2018

မန္တလေး၊ စက်တင်ဘာ ၂၂
ရွှေအရောင်းအဝယ်ပြုလုပ်ရာတွင် လက်ငင်းပေးချေစနစ် (ငွေပေးပစ္စည်းပေး) ဖြင့်သာ အရောင်းအဝယ်ပြုလုပ်ရန် မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းက အတည်ပြုဆုံးဖြတ်လိုက်သည်။
စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ပိုင်းကပြုလုပ်သော အစည်းအဝေးတွင် ရွှေထိ၊ ငွေထိ (လက်ငင်းငွေချေစနစ်) အရောင်းအဝယ်ပြုလုပ်ရန်၊ လေပတ်ကား (ကြိုရောင်းကြိုဝယ်) လုံးဝမလုပ်ရန်၊ ရွှေရောင်းပြီး မအပ်နိုင်သေးဘဲ နောက်တစ်ရက်သို့ မီတာ (အတိုးသဘောအပ်ခ) ပေးပြီး မရွှေ့ရဟု အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သူများထံမှလည်း သိရသည်။
ယခင်က ရွှေဈေးတက်လာပါက ခေါ်ယူညှိနှိုင်းမှုများရှိသော်လည်း ဈေးကွက်စီးပွားရေးစနစ်အရ ခေါ်ယူညှိနှိုင်းမှုမရှိတော့သဖြင့် ရွှေဈေးနှုန်းတည်ငြိမ်မှုစေရန် ရန်ကုန်နှင့်မန္တလေးမှ ရွှေကုန်သည်အသင်းများ နှစ်ဦးနှစ်ဖက် ပူးပေါင်းပါဝင်ကာ ယင်းအချက်သုံးချက်ကို ထုတ်ပြန်အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောကြားသည်။
“ရွှေဈေးတည်ငြိမ်အောင် အရင်လုပ်လိုက်တာ။ ထိုးတက်သွားတာ၊ ထိုးဆင်းသွားတာမျိုး မဖြစ်အောင်လုပ်တာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောဆိုသည်။
ယင်းထုတ်ပြန်ချက်ထွက်ပြီးနောက် ရွှေတစ်ကျပ်သားလျှင် ကျပ် ၁,၀၅၀,၀၀၀ အထိရောက်ရှိနေသော ရွှေဈေးသည် ကျပ် ၁,၀၂၇,၀၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့သလို တစ်ဒေါ်လာလဲလှယ်နှုန်းထားသည်လည်း ၁၆၄၇ ကျပ်မှ ၁၆၀၇ ကျပ် အထိ ပြန်လည်ကျဆင်းသွားခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ လေ့လာသိရှိရသည်။
နိုင်ငံတကာတွင် ရွှေဈေးနှုန်းတည်ငြိမ်သွားပါက ယခုတားမြစ်ထားသည့် အချက်များကို ပြန်လည်ဖြေလျှော့ပေးမည်ဖြစ်ကြောင်းလည်း ဦးတင်ထွန်းက ထပ်မံပြောကြားသည်။
ရွှေကုန်သည်များအသင်းအနေနှင့် အာဏာပိုင်အဖွဲ့အစည်း မဟုတ်သောကြောင့် အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်များကို အသင်းသားများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံထားသည်။
M-08
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
15-Feb-2019