News

POST TYPE

LATEST NEWS POST

ဗိုလ်ချုပ်ကြီးများပါသည့် အမျိုးသားနိုင်ငံရေးပါတီ ကြံ့ခိုင်ရေးနှင့် သက်ဆိုင်ခြင်းမရှိဟု ပါတီတာဝန်ရှိသူများပြော
23-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၂၂

အငြိမ်းစားဗိုလ်ချုပ်ကြီးများပါဝင်သည့် အမျိုးသားနိုင်ငံရေးပါတီအမည်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီတည်ထောင်ခွင့် လျှောက်ထားသည့်ကိစ္စသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ပါတီတာဝန်ရှိသူများက စက်တင်ဘာလ ၂၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခင်အစိုးရ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင် (ဒုတိယဗိုလ်ချုပ်ကြီး ငြိမ်း) ခေါင်းဆောင်သည့် အမျိုးသားနိုင်ငံရေးပါတီတည်ထောင်ခွင့်ကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံတွင် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဦးစိုးမောင်သည် သမ္မတရုံးဝန်ကြီးဟောင်း တစ်ဦးဖြစ်သကဲ့သို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင်လည်း ဗဟိုဦးဆောင်ကော်မတီတွင် ပါဝင်ခဲ့ကာ ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ကြံ့ခိုင်ရေးပါတီကိုယ်စားပြုကာ ရေစကြိုမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။

ဦးစိုးမောင်တို့၏ အဆိုပါ ပါတီတည်ထောင်ရာတွင် ကြံ့ခိုင်ရေးပါတီနှင့် ကြိုတင်ညှိနှိုင်းထားခြင်းလည်း မရှိခဲ့ဘဲ ပါတီခွဲထောင်ခြင်းလည်း မဟုတ်ကြောင်း ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးလှသိန်းက ပြောကြားသည်။

“ဒါ သူတို့အနေနဲ့ သူတို့ ယုံကြည်ချက်အပေါ် မူတည်ပြီးတော့ တည်ထောင်တာဖြစ်ပါတယ်။ ဒါကြောင့် ပြည်ခိုင်ဖြိုးပါတီနဲ့ ဦးစိုးမောင်တို့ပါတီနဲ့ သီးခြားစီ ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိစေလိုပါတယ်”ဟု ဦးလှသိန်းက ဆိုသည်။

ထို့ပြင် ဦးစိုးမောင်သည် ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ကြံ့ခိုင်ရေးပါတီမှ နုတ်ထွက်ခဲ့ပြီး နိုင်ငံရေး ပြန်လုပ်မည်ဟုလည်း သိရှိခဲ့ခြင်းမရှိကြောင်း ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောဆိုသည်။

“ဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးမောင်က ပြည်ခိုင်ဖြိုးပါတီကနေ ရွေးကောက်ပွဲ ဝင်ပြိုင်တယ်။ ပြိုင်ပြီးကတည်းက ကျွန်တော်တို့ ပါတီကနေ နုတ်ထွက်ခဲ့တယ်။ သူ့အနေနဲ့ နိုင်ငံရေး ပြန်လုပ်မယ်ဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး။ သူ့ယုံကြည်ချက်အရ လုပ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ သီးခြားဝေဖန်စရာတော့ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။

အဆိုပါ အမျိုးသားနိုင်ငံရေးပါတီတွင် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်အပါအဝင် စာရင်းစစ်ချုပ်ဟောင်း ဦးလွန်းမောင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးကျော်သူတို့လည်း ပါဝင်မည်ဖြစ်သည်။ 

J-08