News

POST TYPE

LATEST NEWS POST

တောင်သာတွင် အလှူမုန့်ဟင်းခါးစားပြီး လူ ၂၄ ဦး ဆေးရုံရောက်
23-Sep-2018

မိတ္ထီလာ၊ စက်တင်ဘာ ၂၂

မြင်းခြံခရိုင် တောင်သာမြို့နယ် အိုးဘိုအုပ်စု မြေဖြူကုန်းကျေးရွာရှိ ဘုရားဆွမ်းကပ်ပွဲတွင်ကျွေးသော မုန့်ဟင်းခါးစားပြီး လူ ၂၄ ဦး တောင်သာမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ပြောကြားသည်။ 

မြေဖြူကုန်းဘုန်းကြီးကျောင်းတွင် ဘိုးဘွားများတည်ထားခဲ့သော ဘုရားကို အလှူရှင်တစ်ဦးက စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ဆွမ်းကပ်ခဲ့ကြောင်း၊ အဆိုပါဆွမ်းကပ်ပွဲတွင် ကျွေးမွေးသော မုန့်ဟင်းခါးစားမိသူများအနက် အချို့သည် ထိုနေ့ည ၁၀ နာရီခန့်အချိန်မှစတင်ကာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး အော့အန်သည့် လက္ခဏာများ ခံစားခဲ့ရကြောင်း၊ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ စိုးရိမ်ရသည့်လူ ၂၄ ဦးကို တောင်သာဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ 

“အသက်အငယ်ဆုံးဖြစ်တဲ့ ၂ နှစ်နဲ့ လေးလကလေးကနေ အသက်ရှစ်ဆယ်အထိ ပါတယ်။ အသေအပျောက်တော့ မရှိခဲ့ပါဘူး။ မုန့်ဟင်းခါးဖတ်၊ ဟင်းရည်နမူနာနဲ့ သူတို့ရဲ့ ဝမ်းတွေ၊ ဆီးတွေကိုလည်း မန္တလေးမှာ ဓာတ်ခွဲကြည့်ဖို့ မနေ့က ပို့ထားလိုက်ပါပြီ။ ဆေးရုံတက်နေတဲ့လူတွေလည်း ဒီနေ့တော့ အခြေအနေကောင်းလာပါပြီ”ဟု ဦးသန်းလွင်က ရှင်းပြသည်။ 

အလှူမုန့်ဟင်းခါးစားမိသူ လူ ၂၀၀ ကျော်အနက် ဝမ်းလျှောဝမ်းပျက်ဖြစ်ခဲ့သူ ၉၂ ဦးခန့်ရှိခဲ့ကြောင်း၊ ရောဂါစတင်ချိန်မှ လက်ရှိအချိန်အထိ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာချိုချိုဝင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်း ၁၆ ဦးက ကျေးရွာအတွင်းကွင်းဆင်းကာ ဆေးရုံတက်ရန် မလိုအပ်သော ဝမ်းပျက်ဝမ်းလျှောလူနာများကို ကုသပေးလျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

R-01