News

POST TYPE

LATEST NEWS POST

ပေါင်းတည်စွယ်တော် အပူဇော်ခံပွဲ လူသိန်းချီတက်
23-Sep-2018



ပေါင်းတည်၊ စက်တင်ဘာ ၂၂ 

ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် ပေါင်းတည်မြို့ရှိ ဗုဒ္ဓမြတ်စွယ်တော် ပူဇော်ပွဲကို ၁၁၈ ကြိမ်မြောက်ကျင်းပခဲ့ရာ ဒေသခံများအပါအဝင် လူသိန်းချီလာရောက်ခဲ့ကြောင်း စွယ်တော်ဂေါပကအဖွဲ့ထံမှ သိရသည်။

အပူဇော်ခံပွဲတော်ကြီးကို စက်တင်ဘာလ ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် ပေါင်းတည်မြို့နယ်အတွင်း လှည့်လည်အပူဇော်ခံခဲ့ခြင်း ဖြစ်သည်။

စွယ်တော်လှည့်လည်ရာတွင် ပေါင်းတည်မြို့ပေါ်မှ ရပ်ကွက်အလိုက် ယိမ်းအကများနှင့် ဖြေဖျော်ရေးအဖွဲ့တစ်ရာကျော်တို့ ပါဝင်ဖျော်ဖြေခဲ့ပြီး ညနေ ၅ နာရီအချိန်တွင် ဗုဒ္ဓမြတ်စွယ်တော် နှစ်ပတ်လည်စံမြန်းရာ ဂန္ဓကုဋီတိုက် ရွှေကျောင်းတော်ရှိ ရွှေပလ္လင်ထက်တွင် အပူဇော်ခံထားရှိကာ ပွဲတော်ကို ခုနစ်ရက်တာ ကျင်းပမည်ဖြစ်ကြောင်း ပေါင်းတည်စွယ်တော်ဂေါပကမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

“ဒီနှစ်ထူးခြားချက်က ပေါင်းတည် စွယ်တော်ကိုလာတဲ့ ဘုရားဖူးတွေကို တစ်မြို့လုံးမှာရှိတဲ့ အိမ်တိုင်းအိမ်တိုင်း ကျွေးမွေးဧည့်ခံတာပဲ။ ပွဲတော်ရက် ခုနစ်ရက်လုံး လှူဒါန်းကြမယ်။ ဒါက ပေါင်းတည်စွယ်တော် ပွဲရဲ့ထူးခြားချက်ပါ”ဟု ပေါင်းတည်မြို့ခံ တစ်ဦးက ပြောဆိုသည်။ 

အဆိုပါ ပေါင်းတည်စွယ်တော် အပူဇော်ခံလှည့်လည်ပွဲသို့ ပေါင်းတည်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအပါအဝင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ လာရောက်ဖူးမြော်ခဲ့ခြင်းဖြစ်သည်။

R-19