News

POST TYPE

LATEST NEWS POST

အီရန်စစ်ရေးပြအခမ်းအနားတစ်ခုကို သေနတ်သမားများ ဝင်ပစ်၊ အနည်းဆုံး ၁၀ ဦးသေဆုံး
23-Sep-2018



တီဟီရန်၊ စက်တင်ဘာ ၂၂ 

အီရန်နိုင်ငံ အနောက်တောင်ပိုင်း အာဗက်စီတီ၌ပြုလုပ်သော စစ်ရေးပြအခမ်းအနားတစ်ခုသို့ သေနတ်သမားများ ရောက်ရှိလာပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သားများအပါအဝင် အနည်းဆုံးလူ ၁၁ ဦး သေဆုံးသွားကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

အီရန်နိုင်ငံပိုင် သတင်းဌာန၏ ရေးသားဖော်ပြချက်အရ သေနတ်သမားများသည် စစ်ချီအခမ်းအနားပြုလုပ်နေသည့် နေရာနှင့်နီးကပ်သော ပန်းခြံတစ်ခုမှနေ၍ ပစ်ခတ်ခဲ့ကြောင်း၊ စစ်ယူနီဖောင်းများလည်း ဝတ်ဆင်ထားကြကြောင်း သိရသည်။ 

အီရန်နိုင်ငံခြားရေးဝန်ကြီးကမူ ယခုဖြစ်ရပ်သည် ပြည်ပအုပ်စုတစ်စုက ကြိုးကိုင်သည့် အကြမ်းဖက်သမားများက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသူပေါင်း ၂၀ ခန့်ရှိသည်။ 

နိုင်ငံပိုင်မီဒီယာနှင့် အီရန်အစိုးရအရာရှိများက ဆွန်နီစစ်သွေးကြွများ သို့မဟုတ် အာရပ်မျိုးချစ်အုပ်စုများ၏ လက်ချက်ဖြစ်သည်ဟု ပြစ်တင်ပြောဆိုသည်။ 

Far သတင်းဌာနအဆိုအရ သေနတ်သမားများသည် ဒေသစံတော်ချိန် နံနက် ၉ နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေနတ်သမားစုစုပေါင်း လေးဦးခန့် ပါဝင်သည်ဟု ဆိုသည်။ 

သေနတ်သမားများက အရပ်သားများကို ပစ်ခတ်ခဲ့သလို စစ်ရေးပြအခမ်းအနားသို့ ရောက်နေသည့် စစ်ဘက်အရာရှိများကိုလည်း ပစ်ခတ်ခဲ့သည်ဟု သတင်းက ဆိုသည်။ 

လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်သမားများကို ချက်ချင်းလက်တုံ့ပြန် ပစ်ခတ်ခဲ့ရာ သေနတ်သမားလေးဦး သေဆုံးသွားပြီး ကျန်နှစ်ဦးကို ဖမ်းမိခဲ့သည်ဟု ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး အလီဟိုစိန်က ပြောကြားသည်။ 

သေဆုံးသူများထဲတွင် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင် ရှစ်ဦးနှင့် သတင်းစာဆရာတစ်ဦးတို့ ပါဝင်ခဲ့သည်။ ယခုအချိန်အထိ မည်သည့်အကြမ်းဖက်အုပ်စုကမျှ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာမှုမပြုသေးပေ။ 

သို့သော် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗတ်ဇာရစ်က ဒေသတွင်း  အကြမ်းဖက်အုပ်စုကို စပွန်ဆာပေးသူများကို ဖမ်းမိထားပြီဖြစ်သည်ဟု ပြောကြားသည်။ 

အီရန်က ဒေသတွင်း ပြိုင်ဘက်ဖြစ်သော ဆော်ဒီအာရေဗျသည် အီရန်နိုင်ငံတွင်းရှိ အာရပ်လူနည်းစုများအကြား ခွဲထွက်ရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာရန် လှုံ့ဆော်လျက်ရှိသည်ဟု စွပ်စွဲထားသည်။

F-01