News

POST TYPE

LATEST NEWS POST

တန်ဇန်နီးယားရှိ အာဖရိကအကြီးဆုံးရေကန်တွင် ဖယ်ရီရေယာဉ်တိမ်းမှောက်၊ ခရီးသည် ၁၃၅ ဦးကျော်သေဆုံး
23-Sep-2018



ဒိုဒိုမာ၊ စက်တင်ဘာ ၂၂ 

တန်ဇန်နီးယားနိုင်ငံရှိ ဗစ်တိုးရီးယားကန်ကြီးတွင် ဖယ်ရီရေယာဉ်တိမ်းမှောက်ခဲ့ရာ အနည်းဆုံးလူ ၁၃၆ ဦးသေဆုံးသွားကြောင်း အစိုးရအရာရှိများ၏ ပြောကြားချက်ကို BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

၎င်းတို့အဆိုအရ ပျောက်ဆုံးနေသူများစွာရှိနေပြီး ရေယာဉ်တိမ်းမှောက်မှုတွင် အနည်းဆုံး လူ ၂၀၀ ကျော်ခန့် ရေနစ်သွားဖွယ်ရသည်။

အာဏာပိုင်များအဆိုအရ MV Nyerere ရေယာဉ်သည် ဘူဂိုရိုရာမှ အူကာရာကျွန်းဘက်သို့ ပြန်လည်ခုတ်မောင်းလာစဉ် တိမ်းမှောက်သွားခြင်း ဖြစ်သည်။ 

ရေယာဉ်မှာ သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်လာသည်ဟု ယူဆရကြောင်း ၎င်းတို့က ဆိုသည်။ 

အဆိုပါဖြစ်ရပ်ကြောင့် ယခုအခါ ဗစ်တိုးရီးယားရေကန်တွင် ရဲတပ်ဖွဲ့များ၊ စစ်တပ်မှရေငုပ်သမားများ၊ ငါးဖမ်းသမားများ စုပေါင်းကာ ပျောက်ဆုံးနေသူများရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်ဟု သတင်းများက ဆိုသည်။ 

တန်ဇန်နီးယားအခြေစိုက် BBC သတင်းထောက်က ပျောက်ဆုံးနေသူများ၏ ဆွေမျိုးသားချင်းများမှာ ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်မည့် သတင်းကို စိုးရိမ်တကြီး စောင့်မျှော်လျက်ရှိကြသည်ဟု ဆိုသည်။ 

“အဖေ၊ အမေ၊ မောင်ငယ် စသဖြင့် ဆွေမျိုးသားချင်းတွေပျောက်ဆုံးနေလို့ ဆိုပြီး ကျွန်တော့်ဆီဖုန်းဆက်တာတွေရှိတယ်” ဟု ရေယာဉ်တိမ်းမှောက်သည့် ဒေသခံတစ်ဦးဖြစ်သူ အီဒီသာဂျိုးစဘတ်က ပြောကြားသည်။ 

“အစိုးရအနေနဲ့ အရွယ်အစားကြီးမားတဲ့ ဖယ်ရီရေယာဉ်သစ်နဲ့ အစားထိုးပြေးဆွဲပေးဖို့ ကျွန်တော်တို့က တိုက်တွန်းလိုပါတယ်။ အခုသုံးနေတဲ့ ရေယာဉ်က သေးငယ်လွန်းပြီး စီးနင်းတဲ့လူဦးရေက များလွန်းနေတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။ 

ဒေသခံမီဒီယာများဖော်ပြချက်အရ အဆိုပါဖယ်ရီရေယာဉ်သည် လူ ၁၀၀ ခန့်သာ တင်ဆောင်နိုင်သော်လည်း တိမ်းမှောက်သည့်အခေါက်က ခရီးသည် ၄၀၀ ကျော်ခန့်တင်ဆောင်သွားကြောင်း သိရသည်။ ယင်းရေယာဉ်သည် တစ်နေ့လျှင် ရှစ်ကြိမ်တိတိ ပြေးဆွဲလျက်ရှိသည်။ တိမ်းမှောက်သည့်နေ့က အူကာရာတွင် ဈေးနေ့ရှိသောကြောင့် ခရီးသည်လည်း ယခင်နေ့ရက်များထက် ပိုမိုများပြားသည်။ 

အဆိုပါရေယာဉ်သည် ကုန်ပစ္စည်းများ၊ ဆန်၊ ဂျုံ၊ ပြောင်းစသည့် စားသောက်ကုန် တန်ချိန်အမြောက်အမြားကိုလည်း တင်ဆောင်ခဲ့သည်ဟု အာဏာပိုင်များက ဆိုသည်။ 

ရေယာဉ်ပေါ်တွင်လိုက်ပါသွားသည့် ခရီးသည်အများစုမှာ ရေကူးနိုင်လိမ့်မည်မဟုတ်ဟု ၎င်းတို့က ခန့်မှန်းသည်။

F-01