News

POST TYPE

LATEST NEWS POST

ဒေါ်လာဈေးကစားသူများကို အရေးယူမည်ဟု ပြောဆိုပြီးနောက် ဈေးပြန်ကျ
23-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၂၂

သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒေါ်လာဈေးတက်စေရန် ငွေကိုင်ကစားနေသူများကို စိစစ်အရေးယူရန် လုပ်ဆောင်နေပြီဟု စက်တင်ဘာလ ၂၁ ရက်နေ့က မီဒီယာများကို ခေါ်ယူတွေ့ဆုံ၍ ပြောကြားပြီးနောက် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဒေါ်လာဈေးနှုန်းများ ပြန်လည်ကျဆင်းကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

ဈေးကစားသူများကြောင့် စံချိန်တင်မြင့်တက်နေသော အမေရိကန် ဒေါ်လာဈေးနှုန်းသည် ထိုသို့ပြောဆိုပြီး နောက်ရက်ဖြစ်သည့် စက်တင်ဘာလ ၂၂ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၂၅ ကျပ် ပြန်လည်ကျဆင်းကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

“အစိုးရက ဒါလေးလုပ်လိုက်ရုံနဲ့ ကျလည်းခဏပါပဲ။ ဒီထက် ဖိဖိစီးစီးလုပ်ဖို့ လိုပါတယ်”ဟု ဝါးခယ်မ ငွေလဲကောင်တာပိုင်ရှင် ဒေါက်တာစိုးထွန်းက ပြောဆိုသည်။

လက်ရှိငွေကြေးဈေးကွက်အတွင်း ဝင်ရောက်ကစားသူအရေအတွက်သည် ရာဂဏန်းခန့်အထိရှိနေပြီး ယင်းသို့ ငွေကိုင်ကစားနေကြသည်မှာ လက်ရှိအစိုးရအပေါ် ယုံကြည်မှုအားနည်းနေခြင်းကြောင့် ဖြစ်သည့်အတွက် အစိုးရအဖွဲ့တွင် အဓိကတာဝန်ရှိသည့် သမ္မတအနေနှင့် ဒေါ်လာဂယက်နှင့်ပတ်သက်၍ ပြည်သူများ၏ ယုံကြည်မှုရရှိစေရန် ရှေ့ထွက်ပြောဆိုသင့်သည်များကို ပြောကြားသင့်သည့်အပြင် သက်ဆိုင်ရာအစိုးရကော်မတီများနှင့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း ၎င်းက ဆိုသည်။

ငွေကြေးဈေးကွက်အတွင်း စက်တင်ဘာလ ၂၀ ရက်နေ့က တစ်ဒေါ်လာလျှင် ၁၆၄၀ ကျပ်အထိ မြင့်တက်ခဲ့သော ဒေါ်လာဈေးနှုန်းသည် စက်တင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် တစ်ဒေါ်လာလျှင် ၁၆၁၅ ကျပ်သို့ ပြန်လည်ကျဆင်းကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

S-04


  • VIA