News

POST TYPE

LATEST NEWS POST

မန္တလေးမှ သေနတ်သမားကို မြို့နယ်တရားရုံးက ထောင်သုံးနှစ်ချ၊ ခရိုင်တရားရုံးက ထပ်မံစစ်ဆေး
21-Sep-2018



မန္တလေး၊ စက်တင်ဘာ ၂၀

မန္တလေးမြို့ ထွန်တုံးရပ်ကွက်၌ ဩဂုတ်လယ်ပိုင်းက ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုမှ တရားစွဲဆိုခံရသူ ခွန်ကောလားကို သေနတ်ကိုင်ဆောင်မှုဖြင့် ချမ်းမြသာစည်မြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ပြီး ခရိုင်တရားရုံးက လူသတ်မှုအပါအဝင် ကျန်အမှုများအတွက် ထပ်မံစစ်ဆေးနေသည်။

“သေနတ်ကိုင်ဆောင်မှုကိုတော့ သူက ဝန်ခံတာပါ။ အဲ့ဒါကြောင့် ခုလို မြန်မြန်ဆန်ဆန် အမိန့်ချနိုင်တာဖြစ်ပါတယ်”ဟု ယင်းတရားရုံး ပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းက ပြောကြားသည်။

ဩဂုတ်လ ၁၃ ရက်နေ့က ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် ၅၅ လမ်းတွင် ဖြစ်ပွားခဲ့သည့် သေနတ်နှင့်ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ သေနတ်ကိုင်ဆောင်သူကို မြို့နယ်တရားရုံးက သေနတ်ကိုင်ဆောင်မှု လက်နက်ဥပဒေ ပုဒ်မ ၁၉ (စ) နှင့် စွဲဆိုခဲ့ပြီး တရားရုံးက ရာဇဝတ်ကြီး အမှုအမှတ် ၂၀၁၈/၁၁၈၉ အရ လက်ခံစစ်ဆေးခဲ့သော အမှုဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ခွန်ကောလားကို မန္တလေးခရိုင်တရားရုံးတွင်လည်း ရာဇသတ်ကြီး ဥပပဒေ ပုဒ်မ ၃၀၂၊ ၃၉၂၊ ၃၉၇ တို့ဖြင့် တရားစွဲဆိုထားရာ ခရိုင်တရားရုံးက ရာဇဝတ်ကြီးအမှု အမှတ် ၂၀၁၈/၂၄၄ ဖြင့် ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်။

ယင်းအမှုကို တရားခံက ငွေကြေးမတတ်နိုင်သည့်အတွက် အစိုးရကရှေ့နေ ငှားပေးထားပြီး စက်တင်ဘာလ ၂၀ ရက်နေ့က တရားခံ၏ရှေ့နေ ပါဝင်တင်ရန် ချိန်းဆိုထားသော်လည်း ဥပဒေရုံးက ရှေ့နေချပေးနိုင်ခြင်း မရှိသေးသည့်အတွက် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရှေ့နေပါဝင်တင်ရန် ချိန်းဆိုထားကြောင်း ခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ဒေါ်စန်းစန်းဝင်းက ပြောကြားသည်။

သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ ဦးခွန်ကောလားကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ပြီး အောင်ပင်လယ် နယ်မြေရဲစခန်းက လူသတ်မှု၊ လုယက်မှုကျူးလွန်စဉ် နာကျင်စေမှုတို့ဖြင့် အမှုဖွင့်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကံလှိုင်က တရားလိုပြုလုပ် တိုင်ကြားထားခဲ့သည်။

ယင်းအမှုနှင့်ပတ်သက်၍ တရားလိုအပါအဝင် တရားလိုပြသက်သေ အယောက် ၂၀ ကိုစစ်ဆေးရန် တရားလိုက ခရိုင်တရားရုံးသို့တင်ပြထားသည်။ 

M-04