News

POST TYPE

LATEST NEWS POST

မကွေးရှိ တရားမဝင် ရေနံချက်ဖိုများကို အသေးစား ရေနံချက်စက်ရုံများအဖြစ် လုပ်ကိုင်ခွင့်ပြုမည်
21-Sep-2018

မကွေး၊ စက်တင်ဘာ ၂၀

မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင် တူးဖော်ချက်လုပ်နေကြသည့် ရေနံချက်ဖိုများအစား အသေးစား ရေနံချက်စက်ရုံများအဖြစ် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်၊ သယံဇာတရေးရာ၊ လျှပ်စစ်နှင့် စွမ်းအင်ဌာနဝန်ကြီး ဦးမြင့်ဇော်က ပြောကြားသည်။

“ပြည်ထောင်စု အစိုးရကနေပြီး ရေနံချက်ဖိုတွေမလုပ်ခိုင်းတော့ဘဲ ရေနံချက်စက်ရုံ အသေးစားတွေ ပြုလုပ်ပေးဖို့ကြိုးစားနေတယ်၊ သူတို့ကို နည်းပညာနဲ့ ဆောက်လုပ်ရမယ့် ပုံစံတွေပေးမယ်၊ ပြီးတော့ တိုင်းအစိုးရအဖွဲ့အနေနဲ့ကလည်း မြေနေရာပေးမယ်၊ လျှပ်စစ်မီးရအောင် လုပ်ပေးမယ်”ဟု ဝန်ကြီး ဦးမြင့်ဇော်က ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်းတွင် အခွန်မဆောင်သည့် တရားမဝင် ရေနံချက်ဖိုများကို ၂၀၁၈ ခုနှစ် ဩဂုတ်လအတွင်းက မကွေးတိုင်း သဘာဝပတ်ဝန်းကျင်၊ သယံဇာတရေးရာ၊ လျှပ်စစ်နှင့် စွမ်းအင်ဌာနဝန်ကြီး ဦးမြင့်ဇော် ဦးဆောင်ကာ မကွေးခရိုင် ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ဦးစိုးဝင်းနှင့် ပခုက္ကူခရိုင် ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ဦးဌေးဝင်းတို့က မကွေးတိုင်းရှိ တရားမဝင် ရေနံချက်ဖိုများကို တပ်ဖွဲ့ဝင်အင်အား ၈၀ ကျော်ဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ မြိုင်မြို့နယ်တွင် ရေနံချက်ဖို ၁၀ ဖိုနှင့် ပေါက်မြို့နယ်တွင် ၇၈ ဖို ဖမ်းဆီးရမိခဲ့ကြောင်း ယင်းဖိုများကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇ ဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း မကွေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“လက်ရှိဖမ်းဖို့ကျန်နေတာ အများကြီး၊ မိုးရာသီဖြစ်နေလို့ သွားဖမ်းဖို့ သွားရေးလာရေးခက်ခဲတယ်၊ ဝင်ဖို့ထွက်ဖို့ မလွယ်ဘူး၊ အမာခံသတင်းပေးချက်တွေအရ ထပ်မံဖမ်းဆီးသွားမယ်”ဟု မြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မကွေးတိုင်းဒေသကြီးတွင် ရေနံတူးဖော်ခွင့်နှင့် ချက်လုပ်ခွင့်များကို တရားဝင်ခွင့်ပြုမထားသော်လည်း အဆိုပါလုပ်ငန်းများမှ တိုင်းဒေသကြီး ရန်ပုံငွေအဖြစ် ၂၀၁၆ ဇွန်လမှ ၂၀၁၈ စက်တင်ဘာလအထိ ကျပ် ၆ ဘီလီယံအထိ ရရှိထားကြောင်း မကွေးတိုင်းအစိုးရထံမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနံလက်ယက်တွင်းများမှ နေ့စဉ် ပီပါ ၈၀ မှ ၁၅၀ နီးပါးတင်ဆောင်နိုင်သည့် ကားအစီးရေ ၅၀ မှ ၁၀၀ ကြားအထိ ထုတ်ယူနေကြောင်း ဝန်ကြီးဦးမြင့်ဇော်က ဆိုသည်။

R-23