News

POST TYPE

LATEST NEWS POST

အဂတိလိုက်စားမှု စွဲချက်များစွာနှင့် ရင်ဆိုင်နေရသော ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို မလေးရှားအာဏာပိုင်များ ဖမ်းဆီး
21-Sep-2018


ပူထရာဂျာရာ၊ စက်တင်ဘာ ၂၀

မလေးရှား နိုင်ငံဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို မလေးဖွံ့ဖြိုးရေးရန်ပုံငွေ အလွဲသုံးစားမှုနှင့်ဆက်နွှယ်ပြီး အာဏာပိုင်များက ယမန်နေ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း Channel News  Asia  သတင်းဌာနက ရေးသားဖော်ပြသည်။ 

နာဂျစ်ရာဇတ်သည် 1MDB အမည်ရသည့် မလေးဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံတော်ရန်ပုံငွေမှ ရင်းဂစ် ၂ ဒသမ ၆ သန်းခန့် ၎င်း၏ ကိုယ်ပိုင်ဘဏ်ငွေစာရင်းထဲသို့ လွှဲပြောင်းရယူခဲ့သည်ဟူသော စွဲချက်များနှင့် ရင်ဆိုင်နေရသည်။ 

မလေးရှား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် (MACC) က ဗုဒ္ဓဟူးနေ့က ကြေညာချက်ထုတ်ပြန်ရာတွင် “ဝန်ကြီးချုပ်ဟောင်း မစ္စတာနာဂျစ်ရာဇတ်ကို ညနေ ၄ နာရီ ၁၃ မိနစ်က ဖမ်းဆီးအချုပ်ချလိုက်ပြီဖြစ်သည်”ဟု ဖော်ပြသည်။ 

၎င်းသည် MACC ၏ ဥပဒေပုဒ်မ ၂၃ (က) အရ အာဏာအလွဲသုံးစားမှုဖြင့် အရေးယူအပြစ်ပေးခံရဖွယ်ရှိနေသည်။ 

နာဂျစ်ရာဇတ်ကို ကြာသပတေးနေ့ နေ့လယ်ပိုင်းတွင် မြို့တော်ကွာလာလမ်ပူရှိ တရားရုံးတော်သို့ ခေါ်ဆောင်သွားမည် ဖြစ်သည်ဟုလည်း MACC က ဆိုသည်။ 

ဝန်ကြီးချုပ်ဟောင်းသည် ယုံကြည်မှု အလွဲသုံးစားမှု၊ ငွေကြေးခဝါချမှု၊ အာဏာအလွဲသုံးစားမှုအပါအဝင် စွဲချက်ပေါင်း ၇ ခုနှင့် ရင်ဆိုင်ခဲ့ရပြီးဖြစ်သည်။ ၎င်းသည် 1MDB ၏ နိုင်ငံတကာအဖွဲ့ခွဲတစ်ခုဖြစ်သော SRC မှ ရင်းဂစ်ငွေ ၄၂ သန်းကို ကိုယ်ပိုင်ဘဏ်အကောင့်ထဲသို့ လွှဲပြောင်းရယူခဲ့သည်ဟုလည်း စွပ်စွဲခံထားရသည်။ 

နာဂျစ်သည် ယင်းသို့ အဂတိလိုက်စားမှုနှင့်ပတ်သက်သော စွဲချက်များစွာနှင့် ရင်ဆိုင်ခဲ့ရပြီဖြစ်သော်လည်း ၎င်းကိုဗုဒ္ဓဟူးနေ့က အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းသည် နာဂျစ်အမှုသည် အရေးကြီးသည့် အပိုင်းထဲသို့ ရောက်ရှိနေပြီဖြစ်သည် ဟူသောအချက်ကို ဖော်ပြရာရောက်သည်။ 

MACC ကမူ နာဂျစ်ရာဇတ်ကို တရားရုံးတော်သို့ မခေါ်ဆောင်သွားမီ မလေးရှားရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ၎င်း၏ ထွက်ဆိုချက်များကို မှတ်တမ်းတင်နိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

“ယခုကိစ္စသည် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး၊ အကြမ်းဖက်ဝါဒကို ဘဏ္ဍာငွေထောက်ပံ့မှုတိုက်ဖျက်ရေးနှင့် သက်ဆိုင်သော မလေးရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများကို ကူညီပံ့ပိုးပေးနိုင်မည်ဖြစ်သည်”ဟု MACC က ထုတ်ပြန်သည်။ 

နာဂျစ်ရာဇတ်သည် ပြီးခဲ့သည့် တနင်္လာနေ့က ဘဏ်စာရင်းထဲရှိရင်းဂစ် ငွေ ၂ ဒသမ ၆ သန်းနှင့် ဆက်နွှယ်သော အငြင်းပွားဖွယ်ကိစ္စတစ်ခုအပေါ် စာရွက်စာတမ်းများ ထုတ်ပြန်ကာ ရှင်းလင်းခဲ့သေးသည်။ အဆိုပါရင်းဂစ် ၂ ဒသမ ၆ သန်းမှာ ဆော်ဒီအာရေဗျတော်ဝင်မိသားစုက လှူဒါန်းသောငွေကြေးသားဖြစ်သည်ဟု ဆိုခဲ့သည်။ နောင်တွင်လည်းအလားတူ ငွေကြေးရှင်းတမ်းများ ပြုလုပ်သွားမည်ဖြစ်သည်ဟု ဆိုခဲ့သည်။ 

F-01


  • VIA