News

POST TYPE

LATEST NEWS POST

ဒေါ်လာဈေးတည်ငြိမ်ရေး အချက် ၇ ချက် စီးပွားရေးကော်မတီထံ တင်ပြ
21-Sep-2018



ရန်ကုန်၊ စက်တင်ဘာ ၂၀

အမေရိကန်ဒေါ်လာဈေး အဆမတန် မြင့်တက်နေမှုနှင့်ပတ်သက်၍ ဒေါ်လာဈေး တည်ငြိမ်ရေးအတွက် ဆောင်ရွက်ရမည့် အချက် ၇ ချက်ကို ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီထံ တင်ပြထားကြောင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။

မူဆယ်-တရုတ်နယ်စပ်ရှိ ယွမ်ငွေများ မြန်မာနိုင်ငံအတွင်းသို့ ဒေါ်လာများအဖြစ် တရားမဝင် ပြန်လည်ဝင်ရောက်ခြင်းကို တရားဝင်ဖြစ်အောင် ဆောင်ရွက်ပေးရန်၊ တရားမဝင် ငွေလွှဲလုပ်ငန်းများကို တရားဝင်ဖြစ်အောင် ဆောင်ရွက်ပေးရန်၊ ငွေလဲကောင်တာ (Money Changer) များကို ကန့်သတ်လိုင်စင်ပြုလုပ်ပေးရန်၊ တရုတ်နှင့် အဓိကကုန်သွယ်မှုပြုလုပ်သည့် မူဆယ်နယ်စပ်တွင် နိုင်ငံခြားငွေကို တရားဝင်ဆောင်ရွက်ခွင့်ပေးရန် စသည့်အချက်များကို တင်ပြထားခြင်းဖြစ်သည်။ 

“တရုတ်ပြည်ကို အိတ်စ်ပို့ ပို့လိုက်ရင် မြန်မာနိုင်ငံထဲကို ဒေါ်လာပြောင်းပြီး ပြန်ဝင်တယ်။ ဒေါ်လာဝယ်စုထားတဲ့သူတွေက မရောင်းဘဲနဲ့ ကိုင်ထားတာတွေလည်း ပါတယ်။ ဈေးကျဖို့ တင်ပြတာ မဟုတ်ဘူး။ ဒေါ်လာဈေးက ငြိမ်မှရမယ်”ဟု ဒေါက်တာစိုးထွန်းက ပြောဆိုသည်။ 

ထို့ပြင် တရုတ်နိုင်ငံဘက်မှ မြန်မာကုန်သည်များ၏ ဘဏ်အကောင့်များ မကြာခဏပိတ်သိမ်းခြင်းကို လျော့နည်းအောင် ဖြေရှင်းပေးရန်၊ ရန်ကုန်တွင် ဒေါ်လာအရောင်းအဝယ်ပြုလုပ်သည့် တရားဝင်ပုံ သေဈေးကွက်တစ်ခု ပြုလုပ်ပေးရန်နှင့် မူဆယ်နယ်စပ်တွင် ယွမ်ငွေကို တရားဝင်ငွေကြေးအဖြစ် ကုန်သွယ်ခွင့်ပေးရန် စသည့်အချက်များကို အစိုးရအနေနှင့် အဖြေရှာဆောင်ရွက်ပေးရန် တင်ပြထားခြင်းဖြစ်သည်။ 

“ဒါတွေကို အဖြေရှာလိုက်ရင် ဒေါ်လာဈေး အထိုက်အလျောက် ကျမယ်လို့တော့ ထင်ပါတယ်။ ဒေါ်လာအရောင်းအဝယ်လုပ်တဲ့ ငွေလဲကောင်တာတွေက မတက်ချင်ဘူး။ ရောင်းတယ် ဝယ်တယ်ဆိုတာ တစ်ကျပ်၊ နှစ်ကျပ်စားတာ။ ရောင်းပြီး ပြန်ဝယ်ထပ်တက်၊ ထပ်တက်ဖြစ်နေတာ”ဟု ဒေါက်တာစိုးထွန်းက ဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနှင့် တွေ့ဆုံဆွေးနွေးစဉ် စာဖြင့်တင်ပြခဲ့ခြင်းဖြစ်ပြီး လာမည့်စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကော်မတီက ပြန်လည်အကြောင်းပြန်ပေးမည်ဟု ပြောဆိုထားကြောင်း ၎င်းက ပြောဆိုသည်။ 

အဆိုပါကော်မတီကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က အဖွဲ့ဝင် ၁၁ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကုန်သွယ်ရေးမူဝါဒ၊ ငွေရေးကြေးရေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှုမူဝါဒများ စိစစ်သုံးသပ်ရန်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ စီးပွားရေးအဖွဲ့အစည်းများနှင့် လုပ်ငန်းများက တင်ပြလာသည့် အကြံပြုချက်များရယူရန်၊ စီးပွားရေးကဏ္ဍအလိုက် ဦးစားပေး ဆောင်ရွက်သင့်သည့် မူဝါဒများအဖြစ် သတ်မှတ်ဆောင်ရွက်ရန် စသည့်လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်သည်။ 

“မြန်မာ့သမိုင်းမှာ တစ်ခါမှ ဒီလောက် ဒေါ်လာဈေး အများကြီးမတက်ဖူးဘူး။ ကုန်သွယ်မှုမှာလည်း နှစ်တော်တော်ကြာကြာ သွင်းကုန်များပြီး ပို့ကုန်နည်းတယ်။ ပို့ကုန်နည်းရင် သွင်းကုန်ကိုလျှော့မလား၊ သွင်းကုန်အတွက် လိုတဲ့လိုငွေကို ဘယ်က ဖြည့်မလဲဆိုတာ စဉ်းစားရမယ်”ဟု စီးပွားရေးပညာရှင် ဦးလှမောင်က သုံးသပ်ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့်ရှိပြီး ယင်းအချက်သည် ဒေါ်လာဈေးမြင့်တက်ရခြင်း၏ အကြောင်းအရင်းတစ်ခုဖြစ်ကာ ဗဟိုဘဏ်မှ ဒေါ်လာဈေးအဆမတန် မြင့်တက်နေမှုကို ထိန်းချုပ်ရန်အတွက် ဘဏ်များထံ ဒေါ်လာရောင်းချခြင်းမပြုဘဲ သွင်းကုန်လုပ်ငန်းရှင်များထံ တိုက်ရိုက်ထုတ်ရောင်းပေးရန်၊ မလိုအပ်သည့် ကုန်ပစ္စည်းများ အဆမတန် တင်သွင်းခြင်းကို လျှော့ချရန် စသည့်အချက်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

J-11