News

POST TYPE

LATEST NEWS POST

အိန္ဒိယတွင် ဝမ်းနည်းပူဆွေးနေသည့်ဓာတ်ပုံကြောင့် တစ်ရက်အတွင်း အလှူငွေ ဒေါ်လာလေးသောင်းကျော် ရရှိ
20-Sep-2018



ဒေလီ၊ စက်တင်ဘာ ၁၉

ဖခင်ဖြစ်သူ၏ အလောင်းဘေးတွင် ငိုကြွေးနေသောကောင်လေး (ယောကျာ်းလေး) တစ်ဦး၏ ဓာတ်ပုံကြောင့် ကရုဏာသက်သွားသော အိန္ဒိယလူမှုမီဒီယာအသုံးပြုသူများက ၎င်း၏မိသားစုအတွက် တစ်ရက်အတွင်း ရူပီးသုံးသန်းကျော် (၄၃,၈၂၉ ဒေါ်လာခန့်) စုဆောင်းပေးခဲ့ကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။ ထိုပုံကို Twitter တွင် အကြိမ် ၇၀၀၀ ကျော် ဝေမျှခဲ့ကြသည်။

ဒေလီမှ မိလ္လာလုပ်သားအေနီးလ် ၂၇ နှစ်သည် မိလ္လာပိုက်ထဲသို့ ဆင်းရာတွင် ကြိုးပြတ်ကာ ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယတွင် နှစ်စဉ် မိလ္လာလုပ်သား ၁၀၀ ခန့် သေဆုံးသည်ဟုဆိုသည်။ မိလ္လာလုပ်သားများ အားသင့်လျော်သော ဘေးကင်းလုံခြုံရေးပစ္စည်းကိရိယာများ မပေးသောကြောင့် ထိုသို့ သေဆုံးရခြင်းဖြစ်သည်ဟု အလုပ်သမားသမဂ္ဂများက စွပ်စွဲထားသည်။

အေနီးလ်၏ အလောင်းဘေးတွင် ၁၁ နှစ်အရွယ်သားငယ် ပူဆွေးငိုကြွေးနေပုံကို ဓာတ်ပုံရိုက်၍ twitter တွင် တင်ခဲ့သော ဟိန္ဒူစတန်တိုင်းမ်သတင်းထောက် ရှစ်ဗ်ဆန်နီက “ကျွန်တော်က မှုခင်းသတင်းထောက်ဆိုတော့ ကြေကွဲစရာ မြင်ကွင်းတွင် အများကြီးတွေ့ခဲ့ရပေမယ့် ဒါမျိုးတော့ တစ်ခါမှ မကြုံခဲ့ဘူး။ ကျွန်တော်က မိလ္လာလုပ်သားတွေရဲ့ သေဆုံးမှုတွေကို အများပြည်သူတွေ သတိပြုမိစေချင်လို့ တင်လိုက်တဲ့ဓာတ်ပုံက မိသားစုရဲ့ အခက်အခဲကို ပြောပြသလို ဖြစ်သွားတယ်” ဟု ပြောကြားသည်။

အေနီးလ်၏မိသားစုသည် သဂြိုလ်စရိတ်ကိုပင် မတတ်နိုင်သောကြောင့် အိမ်နီးချင်းများက ကူညီပေးခဲ့ရကြောင်းနှင့် အေနီးလ်၏ လေးလသားအရွယ် သားငယ်မှာလည်း လွန်ခဲ့သောတစ်ပတ်က အဆုပ်အအေးမိရောဂါဖြစ်ပွားခဲ့ရာ ဆေးမဝယ်နိုင်သောကြောင့် သေဆုံးခဲ့ရကြောင်း အိမ်နီးချင်းမိတ်ဆွေများက သတင်းထောက်ကို ပြောပြခဲ့သည်။ အေနီးလ်တွင် ၇ နှစ်နှင့် ၃ နှစ်အရွယ် သမီးနှစ်ယောက်လည်းရှိသေးသည်ဟု သိရှိရသည်။

သတင်းထောက်ဆန်နီ၏ ဓာတ်ပုံကြောင့် Uday အင်န်ဂျီအိုက သတိပြုမိသွားကာ Ketto လူထုရန်ပုံငွေ ပလက်ဖောင်း၏အကူအညီဖြင့် အကူငွေကို စုဆောင်းပေးခဲ့သည်။ အေနီးလ်၏ မိသားစုအား မည်သို့ကူညီနိုင်မည်ကို ဘောလိဝုဒ်သရုပ်ဆောင်များက ဆက်သွယ်မေးမြန်းခဲ့ကြသည့်အပြင် မရှိနွမ်းပါးသူများကလည်း ရူပီး ၁၀ ပြားအထိလှူဒါန်းခဲ့ကြသောကြောင့် မျှော်မှန်းမထားသော ရလဒ်ကိုရရှိခဲ့သည်ဟု သတင်းထောက်က ပြောကြားသည်။

လူမှုမီဒီယာတွင် တက်လာသော မေးမြန်းမှုများနှင့် မှတ်ချက်များကြောင့် သတင်းထောက်ဆန်နီသည် ပူဆွေးနေသော မိသားစုထံတစ်ခေါက်ပြန်သွားကာ ၎င်းတို့အကြောင်းကို ပိုမိုသိရှိရန် ကြိုးစားခဲ့ရသည်။

အေနီးလ်၏ သားငယ်က ၎င်းသည် ဖခင်၏အလုပ်သို့ လိုက်သွားလေ့ရှိပြီး ဖိနပ်နှင့် အဝတ်အစားများကို သူခိုးမခိုးအောင် စောင့်ပေးခဲ့ကြောင်းနှင့် ဖခင်က ၎င်းအား မိလ္လာလုပ်သားလုပ်ရန် အချိန်မတန်သေးဟု ပြောကြားခဲ့ကြောင်း ဆန်နီကို ပြန်ပြောပြသည်။

အေနီးလ်သေဆုံးမှုကို စစ်ဆေးသော ရဲများက မိလ္လာလုပ်သားအသုံးပြုခဲ့သော ကြိုးသည် ခိုင်မြဲခြင်းမရှိကြောင်းနှင့် အကာအကွယ်ပစ္စည်းကိရိယာများကိုလည်း ဝတ်ဆင်ထားခြင်းမရှိကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။

အေနီးလ် သေဆုံးမှုသည် ဒေလီတွင် ယခုလအတွင်း မိလ္လာလုပ်သားများ ဒုတိယအကြိမ်သေဆုံးခြင်းဖြစ်သည်။ ပထမဖြစ်ရပ်တွင် မိလ္လာကန် သန့်ရှင်းရေးလုပ်နေစဉ် လုပ်သားငါးဦး သေဆုံးခဲ့မှုဖြစ်ပြီး အကာအကွယ် ကိရိယာများဝတ်ဆင်ထားခြင်းမရှိဟု ရဲက မှတ်ချက်ပေးခဲ့ပြီး ၎င်းတို့၏ ကြီးကြပ်သူကိုဖမ်းဆီးခဲ့သည်။

အများပြည်သူ၏ လှူဒါန်းမှုကြောင့် အေနီးလ်၏ သားသမီးများကျောင်းတက်နိုင်တော့မည်ဟု သတင်းထောက်ဆန်နီက ပြောကြားသည်။

F-04