News

POST TYPE

LATEST NEWS POST

ဂျာမန်လူမျိုးတို့သည် သူစိမ်းများဝင်ရောက်နေထိုင်မှုအပေါ် အကောင်းမြင်နေကြဆဲဟု စစ်တမ်းဖော်ပြ
20-Sep-2018
ဘာလင်၊ စက်တင်ဘာ ၁၉

ဂျာမနီတွင် ဒုက္ခသည်ခိုလှုံမှုဆိုင်ရာ မူဝါဒ အငြင်းပွားမှုများ ရှိနေသော်လည်း ဂျာမန်အများစုက ဒုက္ခသည် (သို့) ဒုက္ခသည်မဟုတ်သော အိမ်နီးချင်းများနှင့် အတူနေထိုင်ရသောဘဝနှင့် ယဉ်ကျေးမှုကွဲပြားစုံလင်မှုကို အကောင်းဘက်မှ ရှုမြင်နေကြဆဲဖြစ်သည်ဟု လေ့လာမှုစစ်တမ်းတွင် တွေ့ရှိရကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

ထိုကိစ္စအပေါ် အရှေ့နှင့်အနောက် ကွဲပြားမှု၊ ခေါင်းမြီးခြုံပဝါကိစ္စ သဘောကွဲလွဲမှုများလည်း ရှိနေဆဲဖြစ်သည်ဟု SVR က ထုတ်ပြန်သော လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပေါင်းစည်းနေထိုင်မှုတိုင်းတာခြင်း ၂၀၁၈ ဟု အမည်ပေးထားသော လေ့လာမှုသည် ၂၀၁၅ တွင် ဥရောပသို့ စစ်ဘေးရှောင်နှင့် ငတ်မွတ်ခေါင်းပါးမှုဘေးရှောင် ဒုက္ခသည်များ အလုံးအရင်းနှင့် စီးဝင်လာခဲ့သည့် ဒုက္ခသည်ပြဿနာအပြီးတွင် ပထမဆုံး ပြုလုပ်ခြင်းဖြစ်သည်။

ရွှေ့ပြောင်းနေထိုင်သူများနှင့် နီးစပ်သော အတွေ့အကြုံမရှိသူ ဂျာမန်များက ပေါင်းစည်းနေထိုင်ခြင်းအပေါ် အကောင်းရှုမြင်မှုသည် ၂၀၁၅ ခုနှစ်က ၆၅ ဒသမ ၄ ရာခိုင်နှုန်းရှိရာမှ ယခု ၆၃ ဒသမ ၈ ရာခိုင်နှုန်းသို့ အနည်းငယ်ကျဆင်းခဲ့ပြီး ရွှေ့ပြောင်းဒုက္ခသည်များနှင့် နီးစပ်သော အတွေ့အကြုံရှိသူ ဂျာမန်များ၏ အကောင်းမြင်မှုသည် ၆၈ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိနေကြောင်း လေ့လာမှုတွင် တွေ့ရှိခဲ့သည်။ ရွှေ့ပြောင်းနေထိုင်မှု အနေအထားအပေါ် အနောက်ပိုင်းမှ ဂျာမန်များ၏ ကျေနပ်မှုသည် ၆၆ ရာခိုင်နှုန်းရှိပြီး အရှေ့ပိုင်းမှ ဂျာမန်များ၏ ကျေနပ်မှုမှာမူ ၅၅ ရာခိုင်နှုန်းသာရှိသည်။ ရွှေ့ပြောင်းနေထိုင်သူ အနည်းငယ်သာရှိသော ဂျာမနီ အရှေ့ပိုင်းပြည်နယ်များသည် လူဝင်မှုနှင့် ပေါင်းစည်းနေထိုင်မှုအရေးတွင် သံသယပိုများကြသည်။

ဒုက္ခသည်များ ရွှေ့ပြောင်းနေထိုင်မှုကိစ္စအပေါ် အမျိုးသားများက အမျိုးသမီးများထက် ပို၍အဆိုးမြင်ကြသည်ဟုလည်း သိရှိရသည်။

လူဝင်မှုအရေးကိစ္စအပေါ် သံသယရှိမှုများကို တစ်ဦးချင်း၏ နီးစပ်မှုအတွေ့အကြုံများဖြင့် ကျော်လွှားသွားနိုင်မည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

ဂျာမနီပေါင်းစည်းနေထိုင်မှုဆိုင်ရာ ကော်မရှင်နာမင်းကြီး အန်နက်တီဝစ်မန်းမော့ဇ်က သုတေသနရလဒ်များသည် ကောင်းသောလက္ခဏာရှိကြောင်းနှင့်၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် တွေ့ထိရင်းနှီးမှုမှတစ်ဆင့် သံသယများကို ကျော်လွှားသွားနိုင်မည့် စာသင်ကျောင်းများ၊ အလုပ်ခွင်များကဲ့သို့သော နေရာများကို ပံ့ပိုးအားပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

သို့ရာတွင် ဂျာမန်လူမျိုးများ၏ ၆၀ ရာခိုင်နှုန်းက ဒုက္ခသည်များအား ဆက်လက်လက်ခံရေးကို ထောက်ခံကြသည့်တိုင်အောင် ၎င်းတို့အများစုက ဒုက္ခသည်များ ဝင်ရောက်မှုကို ကန့်သတ်ထိန်းချုပ်ရန် ဆန္ဒရှိကြသည်ဟု သိရှိရသည်။

ခေါင်းစည်းပဝါကိစ္စတွင် စာသင်ကျောင်းများတွင် ခွင့်ပြုရေးကို မွတ်ဆလင် ၈၀ ရာခိုင်နှုန်းက ထောက်ခံကြသော်လည်း ခရစ်ယာန်များ၏ ထောက်ခံမှုမှာမူ ၄၁ ရာခိုင်နှုန်းသာရှိသည်။ အများနှင့် သက်ဆိုင်သောနေရာများတွင် ခေါင်းစည်းပဝါခွင့်ပြုရေးကိုမူ ဂျာမန် ၅၂ ရာခိုင်နှုန်းက ထောက်ခံကြသည်။ ထိုကိစ္စကို ခေါင်းစည်းပဝါဝတ်ဆင်သည်ဟုဆိုသူ မွတ်ဆလင်အမျိုးသမီးများအနက် ၂၉ ရာခိုင်နှုန်းမှလွဲ၍ အများစုက ထောက်ခံကြပြီး ခေါင်းစည်းပဝါ မဝတ်သူ ၆၆ ရာခိုင်နှုန်းကလည်း ထောက်ခံကြသည်။

ပေါင်းစည်းနေထိုင်မှု တိုင်းတာခြင်း ၂၀၁၈ သုတေသနသည် ၂၀၁၇ ဇူလိုင်မှ ၂၀၁၈ ဇန်နဝါရီအတွင်း ရွှေ့ပြောင်းနေထိုင်သူများနှင့် ထိတွေ့နီးစပ်မှုရှိသူကော၊ မရှိသူပါ စုစုပေါင်း ၉၂၉၈ ဦးကို မေးမြန်းလေ့လာခဲ့ခြင်းဖြစ်သည်။

F-04