News

POST TYPE

LATEST NEWS POST

မလေးရှား၌ လူ ၂၀ ကျော်သေဆုံးစေခဲ့သည့် အရက်အဆိပ်သင့်မှုကြောင့် အဆိပ်သင့်ခံရသူများနှင့် ဖမ်းဆီးခံရသူများထဲတွင် မြန်မာနိုင်ငံသားများပါဝင်
19-Sep-2018

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉ 


မလေးရှားနိုင်ငံတွင် အရက်အဆိပ်သင့်ခြင်းကြောင့် အမျိုးသား ၁၅ ဦးသေဆုံးပြီး လူ ၃၀ ကျော်ဆေးရုံတွင် အရေးပေါ်ကုသမှုခံယူနေရမှုနှင့်ပတ်သက်၍ အာဏာပိုင်များက အရည်အသွေးညံ့ဖျင်းသော အရက်များနှင့် အရက်တု သိုလှောင်ရောင်းချသည့်နေရာများကို စီးနင်းရှာဖွေမှုများပြုလုပ်ခဲ့ရာ လက်ရှိအချိန်တွင် လူ ၉ ဦးကိုဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း စင်ကာပူသတင်းဌာန Channel News Asia ကရေးသားဖော်ပြသည်။ 


အဆိုပါအရက်အဆိပ်သင့်မှုကြောင့် ပထမပိုင်းတွင် သေဆုံးသူ ၁၅ ဦးထိရှိခဲ့သော်လည်း ယခုအခါ ယင်းဖြစ်ရပ်ကြောင့် သေဆုံးသူ စုစုပေါင်း ၂၁ ဦးထိ တိုးမြင့်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အာဏာပိုင်များက အတည်ပြုပြောကြားသည်။


ထို့ပြင် နောက်ထပ် လူ ၃၆ ဦးမှာ အရက်အဆိပ်သင့်မှုကြောင့် နာမကျန်းဖြစ်ကာ ဆေးရုံများ သို့ရောက်ရှိလာကြောင်း၊ ယင်းအနက်အချို့မှာ စိုးရွားပြင်းထန်ပြီး စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း ၎င်းတို့က ဆိုသည်။ 


“အရက်အဆိပ်သင့်တဲ့သူဦးရေ တိုးမြင့်လာမယ်လို့ခန့်မှန်းရတာပဲ၊ ကုသမှုခံယူဖို့ရောက်လာတဲ့သူတွေပိုများလာတယ်လေ” ဟု ကျန်းမာရေး ဝန်ကြီး ဒူဇူဖလီအာမက်က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။ 


အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သော အရက်ပုလင်းများကို ထုတ်ဖော်ပြသခဲ့ရာ မြန်မာနိုင်ငံမှထုတ်သည့် Grand Royal ဝီစကီအမှတ်တံဆိပ်ပါ ဝီစကီပုလင်းပါဝင်သည်ကိုတွေ့ရသလို Mandalay Whisky ဝီစကီပုလင်းများကိုလည်းတွေ့ရသည်။


(ပုံ) 


ကျန်းမာရေးအာဏာပိုင်များက အချို့သော အရက်များကိုစမ်းသပ်ကြည့်ခဲ့ရာ အချို့အမှတ်တံဆိပ်များတွင် မီသနောပါဝင်မှုနှုန်းမှာ သတ်မှတ်ထားသည်ထက် အလွန်အမင်းမြင့်မားနေသည်ကိုတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားသည်။ 


အဆိုပါအရက်အဆိပ်သင့်ခံရသူများတွင် မလေးရှားလူမျိုးငါးဦးပါဝင်ပြီး အခြားသူများမှာ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မြန်မာနှင့် နီပေါနိုင်ငံတို့မှဖြစ်ကြောင်း ၎င်းကဆိုသည်။ 
ယင်းအနက် မြန်မာနိုင်ငံသားတစ်ဦးမှာ အရက်အဆိပ်သင့်မှုကြောင့် အလွန်အမင်းစိုးရိမ်ရသည့်အခြေအနေတွင်ရှိသည်ဟု သိရသည်။ 


မီသနောအဆိပ်သင့်ခြင်းကြောင့်ဖြစ်သည့် ရောဂါလက္ခဏာများမှာ အသက်ရှုကျပ်ခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ မူးဝေခြင်း သို့မဟုတ် အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းနှင့် အမြင်မကြည်လင်ခြင်းတို့ဖြစ်သည်။ 


The New Straits Times သတင်းစာ၏ရေးသားဖော်ပြချက်အရ ရဲအာဏာပိုင်များက စတိုးဆိုင်နှစ်ဆိုင်မှ အရက်ဖာ ၂၀ ကျော်ခန့်ကို အစောပိုင်းကသိမ်းဆည်းလိုက်သည်။ ယင်းစတိုးဆိုင်နှစ်ဆိုင်မှာ မြန်မာနှင့် နီပေါလူမျိုးတို့ဖွင့်လှစ်ထားသည့် ဆိုင်များဖြစ်သည်ဟု အဆိုပါ သတင်းစာကဆိုသည်။ 


ဆီလန်ဂေါ ရဲဌာနမှ ရဲချုပ် မာဇန်မန်ဆောက အဆိုပါ အရည်အသွေးမပြည့်သော အရက်နှင့်အရက်တုများကို ရောင်းချမှုနှင့်ပတ်သက်၍ ကုန်စုံဆိုင်ဖွင့်လှစ်သူများနှင့် ယင်းဆိုင်များမှ အမှုထမ်း ၇ ဦးကိုဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ ဖမ်းဆီးခံရသူများထဲတွင် မြန်မာနိုင်ငံသား နှစ်ဦးနှင့် အိန္ဒိယနိုင်ငံသား သုံးဦးတို့ပါဝင်ကြောင်း ပြောကြားသည်။ 


F-01