News

POST TYPE

LATEST NEWS POST

အောင်လံရှိ ဘွက်ကြီးတမံ ပြိုကျမည်ကိုစိုးရိမ်၍ ဒေသခံအချို့ ပြောင်းရွှေ့
19-Sep-2018



မကွေး၊ စက်တင်ဘာ ၁၈

အောင်လံမြို့နယ်အတွင်းရှိ ဘွက်ကြီးရေလှောင်တမံသည် မြေသား ၃ ပေခန့်ပြိုကျခဲ့သဖြင့် ရေစိမ့်ထွက်မှုမရှိသေးသော်လည်း ပြိုကျမည်ကို စိုးရိမ်၍ တမံအနီးအနားရှိ ရွာသူရွာသားအချို့က ကြိုတင်ပြောင်းရွှေ့နေကြောင်း အောင်လံမြို့ မဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က ပြောကြားသည်။

အဆိုပါတမံသည် လွန်ခဲ့သည့် ရက်သတ္တပတ် ၃ ပတ်ခန့်က မြေသားကျွံကျမှုများဖြစ်ပေါ်ခဲ့ပြီး ယခုအခါ မြေသားများ ထပ်မံကျွံကျလာသဖြင့် ဆည်အောက်ရှိ စိုးရိမ်သည့် ဒေသခံများက ပြောင်းရွှေ့နေကြခြင်းဖြစ်ကြောင်း ယင်းက ဆိုသည်။

“ပညာရှင်တွေက ပြည်သူတွေကို ဘယ်လောက်ပဲ မစိုးရိမ်ရဘူးပြောပြော သတိထားနေကြဖို့ ကျွန်တော်က ပြောထားတယ်။ သတိဆိုတာ ပိုတယ်မရှိဘူး။ အခုတစ်လော မိုးပြတ်နေလို့ မိုးဆက်တိုက်ရွာမယ်ဆိုရင်တော့ ရွာတွေကို သတိပေးရမယ့် အနေအထားရောက်လာမယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က ပြောကြားသည်။

အဆိုပါဆည်တမံကျိုးပါက ဆည်အောက်ဘက်ရွာများဖြစ်သည့် တံခွန်တိုင်၊ မောင်းမလုပ်၊ အလယ်ရွာ၊ ဆင်တဲ၊ ဆင်ကြံနှင့် မြို့လှရွာများ ရေနစ်မြုပ်နိုင်သည့်အတွက် တံခွန်တိုင်ရွာမှ ဒေသခံများက ရေလွတ်ရာ ဆည်အထက်ဘက်၊ အလယ်ရွာမှ ဒေသခံများက ကျောက်ပန်းတောင်းရွာနှင့် သမ္ဘူလရွာအနီးရှိ လမ်းဘေးနေရာများနှင့် အချို့ဒေသခံများမှာ အောင်လံမြို့ပေါ်ရှိ ဆွေမျိုးများ၏ အိမ်သို့ ပြောင်းရွှေ့နေထိုင်နေကြပြီး လူဦးရေစာရင်း အတိအကျမသိရှိနိုင်သေးကြောင်း သက်ဆိုင်ရာအာဏာပိုင်များထံမှ သိရသည်။

အဆိုပါတမံဘောင်သည် ပေပေါင်း ၄၆၂၀ ရှိပြီး ယင်းတမံအနီးရှိ တံခွန်တိုင်၊ မောင်းမလုပ်၊ အလယ်ရွာနှင့် ဆင်တဲစု ကျေးရွာရှိ ဒေသခံများက စိုးရိမ်ကြောက်ရွံ့ကြသဖြင့် ပြောင်းရွှေ့နေကြခြင်းဖြစ်ကြောင်း အောင်လံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက ပြောကြားသည်။

“ပြည်သူကတော့ စိုးရိမ်တာပေါ့။ တရားဝင်သတိပေးမှုတွေ မလုပ်သေးဘူး။ စိုးရိမ်စရာမရှိဘူးလို့တော့ သက်ဆိုင်ရာဌာနတွေက ပြောထားတယ်။ အနီးဆုံးရွာ ၃ ခုလောက်က ပြောင်းနေကြတာ” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါတမံမှာ ၃ ပေခန့် မြေကျွံမှု ဖြစ်ပွားခဲ့သော်လည်း လက်ရှိအချိန်တွင် မြေသားများပြန်ဖို့ရန် မဖြစ်နိုင်သည့်အတွက် ရေမစိမ့်အောင် ပြုလုပ်ထားပြီး ပွင့်လင်းရာသီရောက်မှသာ ပြုပြင်မည်ဖြစ်ကြောင်း ဦးကျော်ခိုင်ထွန်းက ပြောကြားသည်။

“ဆည်က အခြေအနေကောင်းတယ်ကြားလို့ ပထမရက်သွားကြည့်တယ်၊ ဒုတိယရက်သွားကြည့်တော့ ဆည်က ထပ်နိမ့်သွားတယ်ကြားပြီး အကုန်ပြောင်းလာကြတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အဆိုပါတမံသည် ပင်မချောင်းကို ပိတ်ကာ ကုန်းချောနေရာတွင် တမံတို တစ်ခုလုပ်ထားပြီး အဆိုပါတမံတိုလေးမှ မြေကျွံမှုဖြစ်ပွားနေသည့်အတွက် စိုးရိမ်စရာမလိုကြောင်း အောင်လံမြို့နယ် ဆည်မြောင်းဦးစီးဌာန လက်ထောက်အင်ဂျင်နီယာ ဦးမိုးလှိုင်က ပြောဆိုသည်။

“လူတွေက ကောလာဟလတွေ ပြောနေကြတာ၊ လက်ရှိအချိန်ထိ တောင့်တင်းကြံ့ခိုင်နေတုန်းပဲ၊ မိုးရွာရင် စိုးရိမ်ရတယ်ဆိုတာက ကိုယ့်အတွေးနဲ့ကိုယ်ပဲလေ။ အထက်လူကြီးတွေရဲ့ ညွှန်ကြားမှုနဲ့ သေချာလုပ်နေပါတယ်” ဟု ၎င်းက ပြောဆိုသည်။

R-23