News

POST TYPE

LATEST NEWS POST

မွန်ပြည်နယ်၌ လေလွင့်ခွေးများကြောင့် နေ့စဉ် ယာဉ်တိုက်မှုဖြစ်ရဟုဆို
19-Sep-2018

မော်လမြိုင်၊ စက်တင်ဘာ ၁၈

မွန်ပြည်နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်လမ်းများ၌ ခွေးလေခွေးလွင့်များကြောင့် နေ့စဉ်ယာဉ်တိုက်မှုဖြစ်ရကြောင်း မွန်ပြည်နယ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးဘိုဘိုဝင်းက ပြောကြားသည်။

“ခွေးကြောင့်ဖြစ်တဲ့ ယာဉ်တိုက်မှုက တစ်လမှာအကြိမ် ၂၀ ကျော်လောက်ဖြစ်နေတယ်။ ဒါက မြို့ပေါ်မှာပဲနော်။ ဆိုတော့ တစ်နေ့မှာ ခွေးကြောင့် ယာဉ်တိုက်မှုတစ်ခုလောက် ဖြစ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။

ထိုခွေးလေခွေးလွင့်များကို လူမှုအဖွဲ့အစည်း၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်တို့ ပူးပေါင်းရှင်းလင်းနိုင်ရန် စီစဉ်နေခြင်းနှင့်ပတ်သက်၍ ဦးဘိုဘိုဝင်းက ပြောဆိုခြင်းဖြစ်သည်။

မော်လမြိုင်ဆေးရုံကြီး၊ အမျိုးသမီးနှင့် ကလေးဆေးရုံ ပတ်ဝန်းကျင်အတွင်း၌လည်း ခွေးလေခွေးလွင့်များကြောင့် ဆေးရုံတက်နေသူများ လုံခြုံမှုမရှိတော့ကြောင်း၊ ထိုခွေးလေခွေးလွင့်များကို ရှင်းလင်းရန် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ထံ အကြောင်းကြားထားကြောင်း မော်လမြိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ပြောကြားသည်။

“ခွေးရူးကိုက်ခံရလို့ ၁၃ ရက်နေ့က ဘုန်းကြီးတစ်ပါးပျံလွန်သွားတယ်။ ခွေးရူးကိုက်ခံရပြီဆိုရင် စိုးရိမ်ရတယ်၊ ခွေးရူးရောဂါကာကွယ်ဆေးထိုးဖို့ တချို့က မတတ်နိုင်ဘူး။ ဒါ့ကြောင့် ခွေးလေခွေးလွင့်တွေကို အစားအသောက်တွေ မကျွေးဖို့ သတိပေးနေရတယ်။ ဒီလိုကျွေးနေမယ်ဆိုရင် လာနေမှာပဲ”ဟု ၎င်းက ပြောဆိုသည်။

မွန်ပြည်နယ်အတွင်း ကျေးရွာများနှင့် မြို့ပေါ်လမ်းများ၌ သွားလာနေသော ခွေးလေခွေးလွင့်များကို ဆေးခတ်သည့်နည်းစနစ်တစ်မျိုးတည်းဖြင့် နေ့စဉ်ရှင်းလင်းပေးနေကြောင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်ထံမှ သိရသည်။

“စီမံချက်အနေနဲ့ သီးသန့်လုပ်တာတော့မဟုတ်ဘူး၊ ဒါပေမဲ့ နေ့တိုင်းရှင်းနေတယ်။ ရပ်ကွက်တစ်ခုနဲ့ တစ်ခုက လုပ်တဲ့ရက်မတူပါဘူး။ ဆေးက ဝယ်ရခက်ပါတယ်၊ ဈေးလည်းကြီးတယ်” ဟု ၎င်းက ပြောဆိုသည်။

မော်လမြိုင်မြို့ပေါ်တွင် ဩဂုတ်လနှင့် စက်တင်ဘာလ ၁၇ ရက်နေ့အထိ ခွေးလေခွေးလွင့် ၃၅၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း၊ ကျေးရွာများတွင်လည်း အဆိပ်ကျွေးနည်းဖြင့် ရှင်းလင်းခဲ့ရာ အကောင် ၇၀၀ ခန့်ကို သုတ်သင်နိုင်ခဲ့ကြောင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ 

စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ပေါင်မြို့နယ် ကဒုံစိကျေးရွာ၌ ကလေးနှစ်ဦး အပါအဝင် လူ ၁၅ ဦး ခွေးကိုက်ခံရပြီး ဆေးကုသမှုခံခဲ့ရသေးသည်။

R-21