News

POST TYPE

LATEST NEWS POST

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဖျက်သိမ်းသရွေ့ ငြိမ်းချမ်းရေးမရနိုင်ဟု ရွှေဝါရောင်ဆရာတော်များ မိန့်ကြား
19-Sep-2018



ရန်ကုန်၊ စက်တင်ဘာ ၁၈ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မဖျက်သိမ်းနိုင်သေးသရွေ့ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးမရနိုင်ကြောင်း ရွှေဝါရောင်တော်လှန်ရေးသံဃာများ ကိုယ်စားပြုသည့် ဆရာတော် ဦးဣဿရိယက မိန့်ကြားသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပီယကျောင်းတိုက်၌ စက်တင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းက ပြုလုပ်သော နိုင်ငံလုံးဆိုင်ရာ ၁၁ ကြိမ်မြောက် ရွှေဝါရောင်တော်လှန်ရေး အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဦးပဉ္စင်းတို့ ဘယ်နည်းနဲ့မှ မငြိမ်းချမ်းဘူး၊ အဲ့ဒီ မငြိမ်းချမ်းအောင် ကာကွယ်ထားတဲ့ ၂၀၀၈ ခြေဥကို မဖျက်သိမ်းဘဲ ဘယ်လိုလုပ် ငြိမ်းချမ်းမှုဖြစ်မလဲ၊ အဲ့ဒီဥစ္စာတွေကို မဖျက်သိမ်းဘဲနဲ့ ဦးပဉ္စင်းတို့ စီးပွားရေးတွေ ဘယ်လိုပြေလည်ကြမလဲ၊ ဒါကြောင့်မို့လို့ပြောတာ ဦးပဉ္စင်းတို့ တိုက်ပွဲတွေမပြီးသေးဘူး၊ ဆက်လက်ဆင်နွှဲရဦးမယ်”ဟု ယင်းဆရာတော်က မိန့်ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် လွှတ်တော်ထဲဝင်၍ မရဘဲ တပ်မတော်သား ကိုယ်စားလှယ်များသာ ဝင်ရောက် နေရာယူထားသည်မှာ မညီမျှသည့်အပြင် ငြိမ်းချမ်းရေးအတွက် အတားအဆီးဖြစ်ကြောင်း ၎င်းက ဆက်လက်မိန့်ကြားသည်။ 

“မြန်မာနိုင်ငံရေးသမိုင်းမှာ ပထမဆုံး လွတ်လပ်ရေးကို လှုံ့ဆော်ခဲ့တာလည်း ဘုန်းကြီးတွေပါပဲ၊ အဲ့ဒီနောက် လူ့အခွင့်အရေးတိုက်ပွဲ၊ အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတွေမှာလည်း သံဃာတော်တွေ ပါခဲ့တာပဲ၊ နောက်ဆုံး ရွှေဝါရောင်တော်လှန်ရေးဟာ အထင်ရှားဆုံး ပြယုဂ်ပါ”ဟု ရွှေဝါရောင်တော်လှန်ရေးအခမ်းအနားကို တက်ရောက်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းဇေယျာက မှတ်ချက်ပြုသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် စက်သုံးဆီနှင့် ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကြောင့် ပြည်သူများ စားဝတ်နေရေး ကျပ်တည်းလာသည့်အတွက် ရွှေဝါရောင်တော်လှန်ရေး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါအခမ်းအနားတွင် နှစ်ပတ်လည် ကြေညာချက်၌ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ လုံးဝဖျက်သိမ်းရန် လိုအပ်နေပြီဟု ထုတ်ပြန်ခဲ့သည့်အပြင် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များထံ အိတ်ဖွင့်ပေးစာများ ပေးပို့ခဲ့ကြသည်။

J-17