News

POST TYPE

LATEST NEWS POST

ကုန်သွယ်ရေးစစ်ပွဲတွင် ခံစစ်ဘက်ကချည်းနေမည်မဟုတ်ဟု တရုတ်အစိုးရအာဘော်သတင်းစာ တုံ့ပြန်
19-Sep-2018



ဘေဂျင်း၊ စက်တင်ဘာ ၁၈

အမေရိကန်ပြည်ထောင်စုနှင့် လတ်တလောဖြစ်ပေါ်နေသည့် ကုန်သွယ်ရေးစစ်ပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနှင့် ခံစစ်ဟူသည့် အခန်းကဏ္ဍတစ်ခုတည်းဘက်က ပါဝင်နေမည်မဟုတ်ကြောင်း တရုတ်အစိုးရအာဘော် Global Times သတင်းစာက သတိပေးရေးသားလိုက်သည်။ 

တရုတ်နိုင်ငံမှ တင်ပို့သည့်ထုတ်ကုန် ဒေါ်လာ ၂၀၀ ဘီလီယံဖိုးအပေါ် အခွန်စည်းကြပ်ကောက်ခံမည့် အစီအစဉ်တစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနှင့် ယခုရက်ပိုင်းအတွင်းကြေညာရန်ရှိသည်။ ထိုသို့မကြေညာမီ တရုတ်အစိုးရအာဘော် Global Times သတင်းစာက ကုန်သွယ်ရေးစစ်ပွဲတွင် တရုတ်အနေနှင့် ခံစစ်ဘက်ကချည်း ရပ်တည်သွားမည်မဟုတ်ဟု ထုတ်ဖော်သတိပေးလိုက်ခြင်း ဖြစ်သည်။ 

အကယ်၍ သမ္မတထရမ့်က တရုတ်ကုန်စည်းများအပေါ် ထပ်တိုးအခွန်ကောက်ခံမည့်အစီအစဉ်ကို ကြေညာမည်ဆိုပါက ယခုလကုန်ပိုင်းတွင် ဝါရှင်တန် (အမေရိကန်အစိုးရ)နှင့်အတူပြုလုပ်မည့် ကုန်သွယ်ရေး ဆွေးနွေးပွဲသို့တက်ရောက်မည်မဟုတ်ဟု တရုတ်အစိုးရက အသိပေးပြောဆိုထားကြောင်း Wall Street Journal သတင်းစာက တရုတ်အစိုးရအရာရှိကြီးများ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။ 

တရုတ်အကြီးတန်းအရာရှိကြီး တစ်ဦးက တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနှင့် မိမိ၏ ဦးခေါင်းကိုသေနတ်ဖြင့် ချိန်ရွယ်ထားသူနှင့် စေ့စပ်ညှိနှိုင်းမည်မဟုတ်ကြောင်း ယင်းသတင်းစာသို့ပြောဆိုသည်။ 

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့သည် ဒေါ်လာ ၅၀ ဘီလီယံဖိုးရှိသော ထုတ်ကုန်ပစ္စည်းများအပေါ် အပြန်အလှန်အခွန်စည်းကြပ်ခဲ့ကြပြီး ဖြစ်သည်။ ယင်းသို့စည်းကြပ်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးဈေးကွက်များတွင် ပြီးခဲ့သည့်လများအတွင်း ကမောက်ကမ ဖြစ်ခဲ့ရသည်။ 

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက တရုတ်အကြီးတန်းအရာရှိကြီးများကို ပြီးခဲ့သည့်သတင်းပတ်အတွင်း ဖိကြားခဲ့သော်လည်း နှစ်ဖက်စလုံးတွင် သံသယများစွာဆက်လက်ကျန်ရှိနေဆဲဖြစ်သည်။ 

အမေရိကန်အစိုးရအဖွဲ့မှ အကြီးတန်းအရာရှိကြီးတစ်ဦးကမူ သမ္မတထရမ့်အနေနှင့် အခွန်စည်းကြပ်မှုအသစ်များကို ယခုရက်ပိုင်းအတွင်း ပြဋ္ဌာန်းလိမ့်မည်ဟု Reuters သတင်းဌာနသို့ ပြောကြားသည်။ 

အမေရိကန်ဘက်က ထပ်မံစည်းကြပ်မှုတွင် လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းများ၊ လက်ကိုင်အိတ်ကဲ့သို့ အသုံးအဆောင်ပစ္စည်းများ ပါဝင်လာဖွယ်ရှိပြီး အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံဖိုးအထိ တန်ကြေးရှိနိုင်သည်ဟု ခန့်မှန်းမှုများရှိနေသည်။

သို့သော်လည်း ၂၅ ရာခိုင်နှုန်းအထိ အကောက်ခွန်စည်းကြပ်မည့် ယင်းသွင်းကုန်ခွန်များ မည်သည့်အချိန်တွင် စတင်အသက်ဝင်မည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

“စေ့စပ်ဆွေးနွေးမယ့် စားပွဲမှာ အမြတ်ပိုထွက်နိုင်ရေးအတွက် အမေရိကန်ဘက်က တင်းမာမှုတွေဖြစ်အောင် ကြိုးစားနေတာဟာ ဆန်းကြယ်တဲ့ကိစ္စတော့မဟုတ်ပါ”ဟု Global Times သတင်းစာက ဖော်ပြသည်။ 

“တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ ပိုမိုလှပတဲ့ တန်ပြန်ထိုးစစ်တွေလုပ်သွားဖို့ပဲရှိတယ်။ အခံရခက်တဲ့နာကျင်မှုတွေ ဆက်ဖြစ်လာအောင် လုပ်သွားဖို့ပဲရှိတယ်” ဟု တရုတ်ဘာသာစကားနှင့် ရေးသားထုတ်ဝေသော Global Times သတင်းစာက ဆိုသည်။

F-01