News

POST TYPE

LATEST NEWS POST

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း၏ သမိုင်းဝင်မြောက်ကိုရီးယားခရီးစဉ် စတင်၊ ကင်ဂျုံအန်းနှင့် ပြည်သူများ နွေးထွေးစွာကြိုဆို
19-Sep-2018


ပြုံယမ်း-ဆိုးလ်၊ စက်တင်ဘာ ၁၈

တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင်းသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ယခုနှစ်အတွင်း တတိယအကြိမ်တွေ့ဆုံဆွေးနွေးရန် ပြုံယမ်း နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာရာ ကင်ဂျုံအန်းက ကော်ဇောနီခင်းကာ နိုင်ငံတော်အခမ်းအနားဖြင့် ကြိုဆိုဧည့်ခံခဲ့ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။

ပြုံယမ်းသို့ဆိုက်ရောက်လာသည့် အထူးလေယာဉ်ပေါ်မှ သမ္မတမွန်ဂျေအင်း ဆင်းလာပြီးနောက် ၎င်းနှင့် ကင်ဂျုံအန်းတို့ကို ဇနီးဖြစ်သူများနှင့်အတူ ယှဉ်တွဲတွေ့မြင်ရသည်။ မွန်ဂျေအင်းနှင့် ကင်ဂျုံအန်းတို့သည် စကားစမြည်အနည်းငယ်ပြောဆိုပြီးနောက် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့ကြသည်။ 

ပြုံယမ်းနိုင်ငံတကာလေဆိပ်၌ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကို လူရာပေါင်းများစွာက လာရောက်ကြိုဆိုကြပုံများကို နိုင်ငံပိုင်ရုပ်သံသတင်းဌာနက ထုတ်လွှင့်ပြသသည်။ လာရောက်ကြိုဆိုသူများသည် မြောက်ကိုရီးယားအလံနှင့် ပြန်လည်ညီညွတ်ရေးကို ကိုယ်စားပြုသည့် အလံငယ်များဝှေ့ယမ်းကာ ကြိုဆိုကြခြင်းဖြစ်သည်။ 

တောင်ကိုရီးယားနိုင်ငံတော်အလံမှာမူ သမ္မတမွန်ဂျေအင်း စီးနင်းလိုက်ပါလာသည့် Boeing 747 လေယာဉ်တွင်သာ ထင်ထင်ရှားရှားတွေ့မြင်ရသည်။ 

“လူထုတစ်ရပ်တည်း၏ စည်းလုံးညီညွတ်မှုဖြင့် ငြိမ်းချမ်းမှုနှင့် ချမ်းသာကြွယ်ဝမှုရှိသည့် ခေတ်ကာလတစ်ခုကို စတင်ဖွင့်လှစ်ကြပါစို့” ဟု ရေးသားထားသော စာတန်းကြီးတစ်ခုကို လေဆိပ်ခန်းမအပြင်ဘက်တွင် တွေ့မြင်ရသည်။ 

သမ္မတမွန်ဂျေအင်းစီးနင်းလိုက်ပါလာသော လေယာဉ်သည် ဆိုးလ်မြို့ရှိ လေတပ်အခြေစိုက်စခန်းတစ်ခုမှ ပျံတက်လာခြင်းဖြစ်ပြီး မိနစ် ၈၀ ခန့်မောင်းနှင်ပြီးနောက် မြောက်ကိုရီးယားနိုင်ငံ၏ မြို့တော်ပြုံယမ်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။ 

ပြုံယမ်းလေဆိပ်သို့ ဆိုက်ရောက်လာပြီးနောက် သမ္မတမွန်ဂျေအင်းနှင့် ဇနီးဖြစ်သူတို့သည် ၎င်းတို့အား လာရောက်ကြိုဆိုနေသော မြောက်ကိုရီးယားပြည်သူများကို လေယာဉ်အပေါက်ဝမှနေ၍ လက်ပြနှုတ်ဆက်ပြီးမှ လေယာဉ်ပေါ်မှဆင်းသက်ခဲ့ခြင်းဖြစ်သည်။

မွန်ဂျေအင်း၏ မိဘနှစ်ပါးမှာ ၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲကာလက မြောက်ပိုင်း (မြောက်ကိုရီးယား) ဘက်သို့ထွက်ပြေးခဲ့ရဖူးသည်။ မွန်ဂျေအင်းမတိုင်မီ မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ဖူးသည့် တောင်ကိုရီးယားသမ္မတများမှာ ကင်ဒေးဂျုံ (၂၀၀၀ပြည့်နှစ်) နှင့် ရိုမူဟွန်း (၂၀၀၇ ခုနှစ်) တို့ဖြစ်သည်။ 

မြောက်ကိုရီးယားဗဟိုသတင်းဌာန (KCNA) က ယခုတစ်ကြိမ်ပြုံယမ်းတွင် ကျင်းပပြုလုပ်မည့် ခေါင်ဆောင်ကင်ဂျုံအန်းနှင့် သမ္မတမွန်ဂျေအင်းတို့၏ ထိပ်သီးဆွေးနွေးပွဲက ကိုရီးယားနှစ်နိုင်ငံ သမိုင်းသစ်တစ်ရပ်ဖွင်လှစ်နိုင်မည့် ဆက်ဆံရေးတစ်ရပ် ပေါ်ထွန်းလာရေးအတွက် အရေးပါသည့် အခွင့်အလမ်းတစ်ခုကို ဖန်တီးပေးလိမ့်မည်ဖြစ်ကြောင်း ရေးသားဖော်ပြသည်။ 

တောင်ကိုရီးယားအစိုးရအဖွဲ့ဝန်ကြီး အင်ဂျွန်ဆွတ်က မွန်ဂျေအင်းနှင့် ကင်ဂျုံအန်းတို့အနေနှင့် ဗုဒ္ဓဟူးနေ့တွင်ကျင်းပပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲနှင့်ပတ်သက်သော ရလဒ်များကို အများပြည်သူသိရှိအောင် ပူးတွဲကြေညာလိမ့်မည်ဟု မျှော်လင့်ကြောင်းဖော်ပြသည်။ သမ္မတမွန်ဂျေအင်းသည် လာမည့်ကြာသပတေးနေ့တွင် တောင်ကိုရီးယားနိုင်ငံသို့ ပြန်မည်ဖြစ်သည်။ 

“တကယ်လို့ မြောက်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ ဆွေးနွေးပွဲပြန်လည်ပြီး စတင်နိုင်မယ်ဆိုရင် ယခုတစ်ကြိမ်ထိပ်သီးဆွေးနွေးပွဲဟာ အင်မတန် အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲဖြစ်မှာပါ။ ခုလို တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားအကြား တွေ့ဆုံဆွေးနွေးမှုတွေ မကြာခဏလုပ်ဖို့လည်း အင်မတန်အရေးကြီးပါတယ်။ ကျွန်တော်တို့တစ်တွေ တွေ့လိုတဲ့ဆန္ဒရှိလာတိုင်း တွေ့နိုင်တဲ့ အခြေအနေထဲကို ရောက်ရှိနေပါပြီ” ဟု တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက မြောက်ကိုရီးယားသို့ မထွက်ခွာမီ အင်္ဂါနေ့နံနက်ပိုင်းက သတင်းထောက်များကို ပြောကြားသည်။ 

မြောက်ကိုရီးယားခေါင်းဆောင်နှင့် တောင်ကိုရီးယားသမ္မတမွန်ဂျေအင်းတို့သည် ပြီးခဲ့သည့် ဧပြီလက နှစ်နိုင်ငံ နယ်စပ်ဒေသရှိ စစ်မဖြစ်ရဇုန်တွင်ပထမဆုံး အကြိမ်တွေ့ဆုံခဲ့ကြသည်။ ထို့နောက် မေလတွင် ယင်းနေရာ၌ပင် ကြိုတင် မကြေညာဘဲ ထပ်မံတွေ့ဆုံခဲ့ကြသည်။ 

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ၎င်းအနေနှင့် အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားအကြား တင်းမာနေသည့် ဆက်ဆံရေးပြန်လည် တိုးတက်ကောင်းမွန်လာရေးအတွက် ကြားခံပုဂ္ဂိုလ်တစ်ဦး၏ အခန်းကဏ္ဍမှ ပါဝင်လိုကြောင်း ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။

F-01