News

POST TYPE

LATEST NEWS POST

ဧရာဝတီတိုင်းတွင် တိုင်းရင်းသားစာပေသင်ကြားမှု ခရီးမပေါက်ဟု အစီရင်ခံစာဆို
19-Sep-2018

ပုသိမ်၊ စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားမှုမှာ အကြောင်းအမျိုးမျိုးကြောင့် ခရီးမပေါက်သည်ကို တွေ့ရှိရကြောင်း စက်တင်ဘာ ၁၈ ရက်နေ့က ကျင်းပသည့် တိုင်းလွှတ်တော်အစည်းအဝေးသို့ တင်သွင်းသည့် တိုင်းဒေသကြီး လွှတ်တော်တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

တိုင်းရင်းသားစာပေ သင်ကြားမှုကို ကျောင်းအုပ်များနှင့် ကျောင်းသားမိဘများမှ စိတ်ဝင်စားမှုမရှိဘဲ စာသင်ချိန်မဟုတ်သည့် အချိန်များတွင် သင်ယူနေရခြင်း၊ အရည်အချင်းစစ် စာမေးပွဲများမရှိခြင်း၊ ပညာရေးဌာနများနှင့် တိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှုကော်မတီများ ချိတ်ဆက်မှု အားနည်းခြင်းများကြောင့် ခရီးမပေါက်ခြင်းဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေတွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးဌာနသည် သက်ဆိုင်ရာတိုင်းရင်းသားရေးရာကိစ္စများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရ၏ ရသုံးမှန်း ခြေငွေစာရင်းတွင် နှစ်စဉ်ထည့်သွင်းရေးဆွဲ ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသော်လည်း ထည့်သွင်းရေးဆွဲခဲ့ခြင်းမရှိသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားများ၏ အခွင့်အရေးများဆုံးရှုံးခဲ့ရကြောင်း တိုင်းလွှတ်တော် တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး မန်းကျော်ဆန်းက ပြောကြားသည်။

တိုင်းရင်းသားဘာသာ စာပေသင်ကြားရေးတွင် ဘာသာရပ်ကျွမ်းကျင် ဆရာ/ဆရာမများ အခက်အခဲရှိနေခြင်း၊ ဆရာ မတည်မြဲခြင်းများရှိနေ၍ ဘွဲ့ရဆရာဖြစ်သင်တန်းများတွင် တိုင်းရင်းသား၊ တိုင်းရင်းသူများကို သင်တန်းတက်ရောက်ခွင့် ဦးစားပေးသင့်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ကရင်တိုင်းရင်းသား စာပေယဉ်ကျေးမှုသင်ကြားသည့် ကျောင်း ၆၈၀ နီးပါးတွင် စကောကရင်လူမျိုး သုံးသောင်းတစ်ထောင်ကျော်၊ ပိုးကရင် တစ်သိန်းတစ်သောင်းကျော်ရှိပြီး ရခိုင်တိုင်းရင်းသား စာပေယဉ်ကျေးမှုသင်ကြားသည့် ကျောင်း ၄၅ ကျောင်းတွင် ကျောင်းသားခုနစ်ထောင်နီးပါး၊ ချင်းအမျိုးသားစာပေသင်ကြားသည့် ကျောင်း ၄၁ ကျောင်းတွင် ကျောင်းသားဦးရေ တစ်ထောင့်လေးရာကျော်ရှိကြောင်း ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။ 

R-11