News

POST TYPE

LATEST NEWS POST

တက္ကသိုလ်ဝင်တန်းအောင်နှင့် ဘွဲ့ရဘင်္ဂါလီများကို သင်ထောက်ကူဆရာအဖြစ် ခန့်မည်
16-Sep-2018
စစ်တွေ၊ စက်တင်ဘာ ၁၅

မောင်တောခရိုင်၌ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် ဘွဲ့ရရှိထားသော ဘင်္ဂါလီများကို သင်ကြားရေးအကူ ဆရာအဖြစ် ခန့်ထားမည်ဖြစ်ကြောင်း မောင်တောခရိုင် ပညာရေးမှူး ဦးခင်အောင်က ပြောကြားသည်။

ထိုသို့ ခန့်ထားနိုင်ရန်အတွက် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ နောက်ဆုံးထားပြီး စာရင်းယူရာ လူဦးရေ ၅၀၀ ခန့် ကောက်ယူထားပြီဖြစ်ကြောင်း၊ ယင်းစာရင်းအပြီးသတ်ကို ပြည်နယ်ပညာရေးမှူးရုံးသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဓိကတော့ ဘာသာစကား အခက်အခဲကို ကူညီဖြေရှင်းပေးဖို့အတွက် ဖြစ်တယ်။ လုံခြုံရေးအခြေအနေအရ မသွားနိုင်တဲ့ကျောင်းတွေမှာ ခန့်ထားမှာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ အဲဒါကတော့ သေသေချာချာ ပြောလို့မရသေးဘူး။ အဓိကတော့ သင်ကြားရေးမှာ အခြားဘာသာ တစ်ခုနဲ့ပြတော့ နားမလည်တာတွေကို အကူပေးဖို့အတွက်ပါ”ဟု ဦးခင်အောင်က ရှင်းပြသည်။

၎င်းတို့အား အရည်အချင်း သတ်မှတ်ပြီး စာမေးပွဲစစ်ဆေး၍ အောင်မြင်သူများကို ၎င်းတို့နေထိုင်သည့် ကျေးရွာများ၌ နေ့စားလပေးသင်ကြားရေး အကူဆရာအဖြစ် ခန့်ထားပေးသွားမည်ဖြစ်ကြောင်း မောင်တောခရိုင် ပညာရေးမှူးရုံးမှသိရသည်။

“ကျွန်မတို့ သင်ကြားတော့ ကလေးငယ်တွေက အများကြီးနားမလည်ဘူး။ ကြီးလာတော့ ကြားရဖန်များပြီး နားလည်သွားကြတယ်။ ကလေးတွေကို စာရေးစာဖတ် ဆိုလို့တောင် နားမလည်ဘူး။ တချို့ ဘင်္ဂါလီ စကားတတ်တဲ့ ဆရာ၊ ဆရာမတွေကတော့ သူတို့စကားနဲ့ ပြောကြတယ်”ဟု မောင်တောမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော အလယ်တန်းပြဆရာမတစ်ဦးက ပြောကြားသည်။ 

R-22



  • VIA