News

POST TYPE

LATEST NEWS POST

ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ၃ နှစ်အတွင်း သန်း ၃၅၀၀ ကျော်အရှုံးပေါ်
ရန်ကုန်၊ စက်တင်ဘာ ၁၄

ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီ လီမိတက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အထိ သုံးနှစ်အတွင်း ငွေကျပ်သန်းပေါင်း ၃၅၉၁ သန်း အရှုံးပေါ်ခဲ့ကြောင်း ရန်ကုန်တိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက်အစီအရင်ခံစာအား ရန်ကုန်တိုင်းလွှတ်တော်သို့ စက်တင်ဘာလ ၁၄ ရက်က ရှင်းလင်းတင်ရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ဆေးအတည်ပြုထားသည့် ဘဏ္ဍာရေးရှင်းတမ်းများအရ သက်ဆိုင်ရာကုမ္ပဏီများမှ တင်ပြထားသည့် ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၄၉.၃၄၄ သန်းနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၀၉၂.၅၂၇ သန်း အပါအဝင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၌ ကျပ် ၂၉၃၈.၉၃၉ သန်း အရှုံးဖြစ်ပေါ်ခဲ့သည်။
 
ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီလီမိတက်သည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၂၅.၅၄၁ သန်း အမြတ်ရရှိသော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ၆၀၃.၀၇၇၉ သန်း အရှုံးပေါ်ပေါက်ခဲ့ကြောင်း တွေ့ရှိရကြောင်း ဒေါ်ခင်သန်းလှက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်အနေဖြင့် တရုတ်နိုင်ငံထုတ် ဘတ်စ်ကား အစီးတစ်ထောင်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တရုတ် နိုင်ငံတို့၏ အစိုးရအချင်းချင်း ညှိနှိုင်းချက်အရ ဘတ်စ်ကားတစ်စီးလျှင် ကျပ် ၇၇ သန်းဖြင့် ဝယ်ယူခဲ့သည်ဟု တွေ့ရှိကြောင်း ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က ရှင်းပြသည်။

ထို့အပြင် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ထည့်ဝင်ငွေ ကျပ် ၇၀ ဘီလီယံဖြင့် လုံလောက်မှုမရှိသဖြင့် ဧရာဝတီဘဏ်မှ ကျပ် ၈ ဘီလီယံ ထပ်မံချေးဌား၍ ဝယ်ယူခဲ့ပြီး ဘတ်စ်ကားအစီး တစ်ထောင်အား ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC) နှင့် ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီလီမိတက် (YUPT) တို့ကို အစီး ၅၀၀ စီ ခွဲဝေရယူ၍ မော်တော်ယာဉ်ဝယ်ခဲ့သည် ငွေကြေးတန်ဖိုးကျပ် ၇၀ ဘီလီယံနှင့် ချေးယူတဲ့ ကျပ် ၈ ဘီလီယံ စုစုပေါင်း ၇၈ ဘီလီယံအား ခွဲဝေတာဝန်ယူသည်ကို တွေ့ရှိရကြောင်း ၄င်းက လွှတ်ဘတော်သို့ တင်ပြသည်။

ထို့ကြောင့် ရန်ကုန်တိုင်းအတွင်းရှိ ဒေသအသီးသီးမှ ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့လုံခြုံစွာ ခရီးသွားလာနိုင်ရေး၊ ဝန်ဆောင်မှု အရည်သွေးကောင်းများ စဉ်ဆက်မပြတ်ပေးနိုင်ရေးအတွက် ယာဉ်များကို ပုံမှန်ပြုပြင် ထိန်းသိမ်းခြင်း၊ ကုမ္ပဏီအသီးသီး၏ ယာဉ်လိုင်းများကို ပိုမိုစည်းကမ်းကောင်းမွန်ရေး၊ ခရီးသွားပြည်သူများ အဆင်ပြေရေးအတွက် လမ်းကြောင်းများ တိုးချဲ့ပြေးဆွဲနိုင်ရေး၊ ရင်းနှီးမြုပ်နှံမှု ဆုံးရှုံးမှု နည်းပါး၍ သင့်တင့်သည့် အကျိုးအမြတ်ရရှိရေးများကို တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း စာရင်းစစ်ချုပ်ကတိုက်တွန်း ပြောဆိုသည်။

၂၀၁၈ခုနှစ် မေလ စာရင်းအရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရင်းနှီးငွေထည့်ဝင်ထားသည့် အများပိုင်ကုမ္ပဏီနှစ်ခုအပါအဝင် ယာဉ်လိုင်းကုမ္ပဏီ ၂၅ ခုသည် မော်တော်ယာဉ် စုစုပေါင်း ၆၇၀၂၁ စီးဖြင့် ယာဉ်လိုင်းပေါင်း ၁၁၉ လိုင်းဖြင့် နေ့စဉ် ပြေးဆွဲလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တွင် ပြေးဆွဲနေသည့် မော်တော်ယာဉ်တစ်စီးလျှင် တစ်နေ့ လေးထောင်ကျပ်နှုန်း၊ အဝေးပြေးယာဉ်လိုင်းများမှ ပြေးဆွဲသည့် ထိုင်ခုံနေရာ ၆၀ ရာခိုင်နှုန်းအပေါ် ၂ ရာခိုင်နှုန်း ကောက်ခံမှု၊ စီးတီးတက္ကစီများ နှစ်စဉ် မှတ်ပုံတင်ရာတွင် ငွေကျပ် သုံးထောင်နှုန်းဖြင့် သတ်မှတ်ကောက်ခံခဲ့ကြောင်း ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) စာရင်းများကို ပြင်ပစာရင်းအဖွဲ့၏ စစ်ဆေးအတည်ပြုထားခြင်း မရှိသေးကြောင်း၊ လုပ်ငန်းစတင်သည့် ၁၆.၁.၂၀၁၇ မှ ၃၀.၃ .၂၀၁၈ ခုနှစ်အထိ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တင်ပြသည့် စာရင်းများအရ ရငွေကျပ် ၉၄၃၇.၉၇၅ သန်း ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှ ဆိုသည်။

J-17