News

POST TYPE

LATEST NEWS POST

လင်မယားရန်ဖြစ်ပြီး မိန်းမကို ပုဆိန်နှင့်ခုတ်သတ်
12-Sep-2018

တောင်ငူ၊ စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် မြစ်ကျိုးဒိုင်နယ်အုပ်စု လေးအိမ်စု ကျေးရွာရှိ နေအိမ်တစ်အိမ်တွင် စက်တင်ဘာလ ၁၀ ရက်နေ့နံနက် ၆ နာရီခန့်က စကားများရန်ဖြစ်စဉ် နှာခေါင်းကို လက်ဖြင့်ပိတ်သည့်ဇနီးကို ခင်ပွန်းသည်က ပုဆိန်ဖြင့်ထုသတ်ခဲ့ကြောင်း မြစ်ကျိုးနယ်မြေ ရဲစခန်းထံမှ သိရသည်။

အရက်သေစာ သောက်စားထားသည့် ခင်ပွန်းနှင့် ဇနီးတို့ စကားများရာမှ ဇနီးဖြစ်သူက ခင်ပွန်း၏ နှာခေါင်းကို လက်ဖြင့်ပိတ်သဖြင့် ပုဆိန်ဖြင့် ခုတ်သတ်လိုက်ခြင်းဖြစ်ကြောင်း ယင်းရဲစခန်း၏ ကနဦးစစ်ဆေးပေါ်ပေါက်ချက်တွင် ဖော်ပြထားသည်။

“ကျန်းမာရေးသိပ်မကောင်းချိန် နှာခေါင်းကို နောက်ကလက်နဲ့ လာပိတ်လို့ ရုတ်တရက်ဒေါသထွက်ပြီး လုပ်လိုက်တယ်လို့ သိရတယ်။ မနေ့က ဝေါဆေးရုံမှာ ပို့ဆောင်ကုသတော့ ဆေးရုံတာဝန်ရှိသူတွေက ဆေးရုံတက်စရာမလိုဘူးလို့ပြောတယ်”ဟု အဆိုပါရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါနေအိမ်နှင့် ကျောချင်းကပ်နေ ဦးကျော်စိုး (၆၀ နှစ်) သည် ဦးစိုးမြင့် (၆၅ နှစ်) တို့ နေအိမ်မှ အော်ဟစ်သံများ ထွက်နေသဖြင့် အိမ်နီးနားချင်းအချို့နှင့် သွားရောက်ကြည့်ရှုရာ ဒေါ်ခင်စန်းဦး (ခ) ကုလားမ (၅၉ နှစ်) ကို စောင်ဖြင့် ပတ်ထားသည်ကို စစ်ဆေးကြည့်ရာမှ ၎င်းတွင် ဦးခေါင်းဒဏ်ရာ ၂ ချက်နှင့် ဒဏ်ရာအချို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့သည့်အပြင် ပုဆိန်တစ်လက်ကိုပါ တွေ့ရှိခဲ့သဖြင့် မြစ်ကျိုးနယ်မြေရဲစခန်းသို့ ဦးကျော်စိုးတို့မှ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါနယ်မြေရဲစခန်းထံမှ သိရသည်။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး ဦးစိုးမြင့်ကို မြစ်ကျိုးနယ်မြေရဲစခန်းက (ပ) ၁၀၆ /၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း ယင်းရဲစခန်းထံမှသိရသည်။ 

R-15