News

POST TYPE

LATEST NEWS POST

ပဲခူးတရားမဝင် စက်သုံးဆီဆိုင်များကို အရေးယူရန် ပြင်ဆင်
10-Sep-2018
တောင်ငူ၊ စက်တင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီးအတွင်း တရားမဝင် ဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီဆိုင်များကို ယခုနှစ်ကုန်ပိုင်းမှစတင်၍ အရေးယူရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ပဲခူးတိုင်း မြန်မာ့ရေနံနှင့် ရေနံထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပဲခူးတိုင်းအတွင်း တရားမဝင် ရောင်းချနေသည့် စက်သုံးဆီဆိုင် ၃၀ ကျော်ကို အရေးယူမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ စက်သုံးဆီဆိုင်များကို ယခုနှစ် ဇန်နဝါရီလအတွင်းက သတိပေးစာ ထုတ်ပြန်ခဲ့ပြီးနောက် ဖေဖော်ဝါရီလခန့်တွင် အရေးယူရန် ပြင်ဆင်ခဲ့သော်လည်း လုပ်ငန်းရှင်များဘက်မှ ပြင်ဆင်မှုပြုလုပ်နိုင်ရန် ဒီဇင်ဘာလသို့ ထပ်တိုးပေးခဲ့ခြင်းဖြစ်ကာ ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် သတိပေးခဲ့ပြီးဖြစ်ကြောင်း ပဲခူးတိုင်း မြန်မာ့ရေနံနှင့် ရေနံထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းထံမှ သိရသည်။

ပဲခူးတိုင်းအတွင်းရှိ တရားမဝင် စက်သုံးဆီဆိုင်များကို ပုဂ္ဂလိက စက်သုံးဆီဆိုင်ကြီးများကဲ့သို့ တည်ဆောက်ရောင်းချနေကြပြီး ယင်းဆိုင်များသည် မြေပိုင်ဆိုင်ခွင့်ပုံစံမရသည့်အတွက် စက်သုံးဆီရောင်းချခွင့်လိုင်စင် လျှောက်ထားသော်လည်း မရသည့်အတွက် အရေးယူမည်ဆိုပါက နစ်နာမှုများရှိလာနိုင်ကြောင်း တောင်ငူမြို့မှ စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

“အရေးယူမယ်ဆိုတာက တာဝန်ရှိသူတွေ တကယ်လုပ်မယ်ဆိုရပါတယ်။ တိုင်းထဲမှာ တရားမဝင် စက်သုံးဆီဆိုင်ကြီး အများစုက လိုင်စင်ရပြီး မရတဲ့ဆိုင်တွေက ၃၀ ကျော်ပဲရှိပြီး ဘက်ထရီပန့်ဆိုင်ပေါင်းက မရေတွက်နိုင်ပါဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကမ္ဘာ့ရေနံစိမ်းဈေး မြင့်တက်ခဲ့သည့်အပြင် ပြည်တွင်း နိုင်ငံခြားငွေဈေး မတည်ငြိမ်မှုများကြောင့် ဩဂုတ်လ နောက်ဆုံးပတ်ကစတင်ပြီး ဒေသတွင်း စက်သုံးဆီဈေးဆက်တိုက်မြင့်တက်ခဲ့ပြီး လက်ရှိ စက်သုံးဆီ တစ်လီတာကျပ် ၁၀၀၀ ကျော် ဈေးရှိကြောင်း ဒေသတွင်းစက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။

ပဲခူးတိုင်းအတွင်း တရားဝင် စက်သုံးဆီအရောင်းဆိုင် ၂၃၇ ဆိုင်၊ တရားမဝင် ဆီဆိုင် ၃၀ ကျော်နှင့် ဘက်ထရီပန့်ဖြင့် ရောင်းချသည့်ဆိုင် လေးရာကျော်ရှိကြောင်း ယင်းတိုင်းအတွင်းရှိ စက်သုံးဆီဆိုင်များထံမှ သိရသည်။

R-15