News

POST TYPE

LATEST NEWS POST

ဆောက်လုပ်ရေးဦးစီးဌာနပိုင်မြေတွင် ဖွင့်ထားသော ဆိုင်ခန်း ၄၀ ကျော် ဖျက်သိမ်းရန်ညွှန်ကြား
10-Sep-2018
သာယာဝတီ၊ စက်တင်ဘာ ၉ 

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီမြို့နယ် ဆောက်လုပ်ရေးဦးစီးဌာနပိုင် မြေနေရာတွင် ငှားရမ်းတည်ဆောက်ထားသည့် ဆိုင်ခန်း ၄၃ ခန်း အောက်တိုဘာလ ကုန်နောက်ဆုံးထားဖျက်သိမ်းပေးရန် အဆိုပါဌာနက ညွှန်ကြားထားကြောင်း ဆိုင်ခန်းရှင်များထံမှ သိရသည်။

ဆိုင်ခန်းများ ဖျက်သိမ်းပေးရန် ဆောက်လုပ်ရေးဦးစီးဌာနက ညွှန်ကြားထားသောကြောင့် လုပ်ငန်းရှင်များ အခက်အခဲဖြစ်ရကြောင်း အသက် ၅၀ ခန့်အရွယ်ရှိ ဆိုင်ခန်းရှင်အမျိုးသားတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ ဒီနေရာ (ဆောက်လုပ်ရေးဌာနပိုင်မြေ) ကို ၁၉၉၈ ခုနှစ် ကတည်းကငှားတယ်။ ဆိုင်ခန်းတွေကို ကန်ထရိုက်ကရောင်းတယ်။ ဆောက်လုပ်ရေးဦးစီးဌာနက မြေအပိုင်ဆိုတော့ တစ်လတစ်ခါ မြေခွန်ပေးရတယ်။ ခုတော့ ဆိုင်းမဆင့် ဗုံမဆင့်နဲ့ ဒါမျိုးမဖြစ်သင့်ဘူး”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ဆိုင်ခန်းများသည် သာယာဝတီမြို့ဈေးပိုင်းရပ်ကွက် ရန်ကုန်-ပြည်လမ်း ကားလမ်းဘေးတွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ဆောက်လုပ်ရေး ဦးစီးဌာနပိုင် မြေလိပ်စာဖြင့် ယစ်မျိုးလိုင်စင်နှင့် ဖြန့်ချိရေးလိုင်စင်တို့ အပါအဝင် အခြားလိုင်စင်များဖြင့် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ ဆိုင်ခန်း ၄၃ ခန်းမှနေ၍ အစိုးရသို့တစ်နှစ်လျှင် အခွန်ငွေကျပ်သိန်းတစ်ထောင်ကျော် ပေးသွင်းခဲ့ကြောင်း၊ ယခုကဲ့သို့ဖျက်သိမ်းရမည်ဆိုလျှင် အစိုးရအနေနှင့် အခွန်ငွေလျော့နည်းသွားနိုင်သည့်အပြင် ဆိုင်ခန်းရှင်များလည်း ဆုံးရှုံးနစ်နာရမည်ဖြစ်ကြောင်း ယစ်မျိုး ဖြန့်ချိရေးလိုင်စင်ဖြင့် အရက်ပုလင်းမျိုးစုံ လက်လီရောင်းချနေသည့် ဝတ်ရည်မွန်ဆိုင်ရှင် ဒေါ်ခင်ခင်ဌေးက ပြောကြားသည်။ 

“ဆိုင်ခန်းတွေပယ်ဖျက်ပေးဖို့ ညွှန်ကြားထားတဲ့စာကို ဖတ်ကြည့်တဲ့အခါ ဆောက်လုပ်ရေးပိုင်မြေတွေကနေ အခွန်ကောက်တာ အားမပေးဘူးဆိုတာ တွေ့ရပါတယ်။ ပယ်ဖျက်ပေးရန်ဆိုတာ မပါဘူးဗျ။ ပြည်ထောင်စုအဆင့်က ညွှန်ကြားထားတာပါ”ဟု သာယာဝတီမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေမှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လွင်က ပြောဆိုသည်။ 

သာယာဝတီခရိုင် လမ်းတံတားနှင့် ဆောက်လုပ်ရေးဦးစီးဌာနပိုင်မြေ ဖြစ်သော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးချုပ်၏ညွှန်ကြားချက်ဖြင့် ဖယ်ရှားခိုင်းထားခြင်းဖြစ်ကြောင်း သာယာဝတီမြို့နယ် လမ်းတံတားနှင့် ဆောက်လုပ်ရေး ဦးစီးဌာန မြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာမှူး ဦးခင်ဇော်က ပြောကြားသည်။ 

လမ်းတံတားနှင့် ဆောက်လုပ်ရေးဦးစီးဌာနပိုင် မြေနေရာကိုငှားရမ်း၍ တည်ဆောက်ထားသည့် ဆိုင်ခန်းပေါင်း ၄၃ ခန်းရှိရာ ဆောက်လုပ်ရေးမြေခွန်၊ စည်ပင်ဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့သို့ လစဉ်အခွန်ပေးဆောင်ခဲ့ရာမှ ပြီးခဲ့သော ဧပြီလကစ၍ အခွန်ပေးဆောင်မှုကို လက်မခံတော့ကြောင်း၊ အောက်တိုဘာလကုန် နောက်ဆုံးထားဖျက်ပေးရန် သာယာဝတီမြို့နယ် လမ်းတံတားနှင့်ဆောက်လုပ်ရေးဦးစီးဌာနက စက်တင်ဘာလ ၅ ရက်နေ့တွင် အမိန့်စာထုတ်ပြန်ခဲ့ကြောင်း ဆိုင်ခန်းပိုင်ရှင်များထံမှ သိရသည်။ 

R-19


  • VIA