News

POST TYPE

LATEST NEWS POST

မွတ်ဆလင်ညီနောင်များ ဆန္ဒပြမှုတွင် ပါဝင်သူများအနက် ၇၅ ဦးကို အီဂျစ်တရားရုံးက သေဒဏ်ချမှတ်
10-Sep-2018


ကိုင်ရို၊ စက်တင်ဘာ ၉

အီဂျစ်နိုင်ငံတွင် သမ္မတဟောင်း မော်စီကို ထောက်ခံသူများ၏ ၂၀၁၃ ခုနှစ်က ထိုင်ရာမထ ဆန္ဒပြပွဲတွင် ပါဝင်မှုဖြင့် မွတ်ဆလင်ညီနောင်များ (ဘရာသာဟုဒ်) လှုပ်ရှားမှု ထောက်ခံသူ ၇၅ ဦးကို ကိုင်ရိုတရားရုံးက သေဒဏ်ချမှတ်လိုက်သည်ဟု အီဂျစ်နိုင်ငံပိုင်ရုပ်သံက ထုတ်ပြန်ကြေညာကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ၂၀၁၃ ဆန္ဒပြမှုတွင် လုံခြုံရေးတပ်ဖွဲ့များ၏နှိမ်နင်းမှုကြောင့် အနည်းဆုံး လူ ၆၀၀ ခန့် သေဆုံးခဲ့သည်။

တရားပြိုင် ၇၃၉ ဦးအထိပါဝင်သော ရုံးတင်စစ်ဆေးမှုတွင် မွတ်ဆလင်ဘရာသာဟုဒ် အကြီးတန်းခေါင်းဆောင် အက်ဆမ်အယ်လ်အီရီယမ်၊ မိုဟာမက် ဘယ်တာဂီနှင့် ထင်ရှားသော အစ္စလာမ်တရားဟောဆရာ ဆာဖ်ဝက်ဟီဂါဇီတို့ကိုတရားရုံးက ကြိုးမိန့်ပေးလိုက်သည်ဟု သိရှိရသည်။

ဘာသာရေးခေါင်းဆောင် မိုဟာမက်ဘေဒီကိုမူ အခြားသူ ၄၆ ဦးနှင့်အတူ တစ်သက်တစ်ကျွန်းထောင်ဒဏ်ချမှတ်လိုက်သည်။ စွဲချက်များတွင် လူသတ်မှုမှသည် ဆန္ဒပြသည့်နေရာ ရာဘာအယ်လ်အဒါဝီယာရင်ပြင်ရှိ ပြည်သူပိုင်ပစ္စည်းများ ပျက်စီးမှုအထိ ပါဝင်သည်။

သေဒဏ်ချမှတ်ခံရသူ ၇၅ ဦးအနက် ၃၁ ဦးမှာ မျက်ကွယ်ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။ ပြစ်ဒဏ်များကိုအယူခံဝင်ခွင့်ရှိသည်ဟု အီဂျစ်ရုပ်သံကဆိုသည်။

ထိုင်ရာမထ ဆန္ဒပြပွဲကိုသတင်း မှတ်တမ်းရိုက်ကူးမှုကြောင့် ၂၀၁၃ ဩဂုတ်လက ဖမ်းဆီးခံရကာ ထောင်ဒဏ်ငါးနှစ်ချမှတ်ခံခဲ့ရသော ရှော်ကန်ဟုလူသိများသူ ဆုရဓာတ်ပုံသတင်းထောက် မာမွတ်အဘူ ဇိတ်မှာမူ ထောင်ဒဏ်ငါးနှစ်ပြည့်သွားပြီဖြစ်သောကြောင့် ရက်ပိုင်းအတွင်း လွတ်မြောက်လာတော့မည်ဟု ၎င်း၏ရှေ့နေက စနေနေ့က ပြောကြားသည်။

ရွေးကောက်ပွဲပြိုင်ဘက်များအား ဖယ်ရှားပြီးနောက် မတ်လက ပြန်လည်ရွေးကောက်တင်မြှောက်ခံရသူ သမ္မတ အယ်လ်စီစီ၏လက်ထက်တွင် လွတ်လပ်စွာ သဘောကွဲလွဲခွင့် ဖိနှိပ်ခံနေရခြင်းကို ယခု အစုအပြုံလိုက်တရားစွဲဆိုမှုက ထင်ဟပ်နေသည်ဟု Amnesty International အပါအဝင် လူ့အခွင့်အရေးအုပ်စုများက ထောက်ပြပြောဆိုကြသည်။

အီဂျစ်တွင် ပထမဆုံးလွတ်လပ်စွာ ရွေးချယ်တင်မြှောက်ခံရသူ သမ္မတမော်စီကို ၂၀၁၃ တွင် အယ်လ်စီစီခေါင်းဆောင်သည့် စစ်တပ်က ဖယ်ရှားခဲ့မှုကြောင့် မော်စီကိုထောက်ခံသော မွတ်ဆလင်ဘရာသာဟုဒ်အဖွဲ့ဝင်များက အင်အားပြသည့်အနေနှင့် အဒါဝီယာရင်ပြင်တွင် ဆန္ဒပြပွဲများ ကျင်းပခဲ့ကြသည်။

အဆိုပါဖြစ်ရပ်တွင် ဆန္ဒပြသူများက လက်နက်များ ကိုင်ဆောင်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင် ၄၃ ဦး သေဆုံးခဲ့သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။ ထိုနောက်ပိုင်းရဲများနှင့် ဆန္ဒပြသူများအကြား လမ်းပေါ်ပဋိပက္ခဖြစ်စဉ်များတွင် လူများရာနှင့်ချီ၍ သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။

သမ္မတမော်စီဖယ်ရှားခံရပြီးနောက် ပထမတစ်နှစ်ကာလအတွင်း အနည်းဆုံးလူပေါင်း ၄၀,၀၀၀ ခန့် ဖမ်းဆီးခံရသည်ဟု Amnesty International နှင့် HRW အဖွဲ့များက ပြောကြားသည်။

အတိုက်အခံများအားသေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များချမှတ်လိုက်သော အီဂျစ်တရားရုံး၏လုပ်ရပ်သည် တရားမျှတစွာ စီရင်ရမည့် ကျင့်ထုံးကိုလှောင်ပြောင်စော်ကားခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးအုပ်စုများက မှတ်ချက်ပေးသည်။

F-04