News

POST TYPE

LATEST NEWS POST

မှော်ဘီ နည်းပညာတက္ကသိုလ် ကျောင်းသားနှစ်ဦး စကားများ ရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်
ရန်ကုန်၊ စက်တင်ဘာ ၃

မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းရှိ ဘုရားလမ်းကျေးရွာအနီး ကားဂိတ်တွင် စက်တင်ဘာလ ၂ ရက် နံနက် ၁၀ နာရီဝန်းကျင်က နည်းပညာတက္ကသိုလ် ကျောင်းသားနှစ်ဦး စကားများရန်ဖြစ်ရာမှ တစ်ဦးမှာ ဓားဖြင့်ထိုးခံရကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

ဒုတိယနှစ် စက်မှုအင်ဂျင်နီယာ ကျောင်းသားမှာ ဝမ်းဗိုက်တွင် ဓားထိုးသွင်း ဒဏ်ရာတစ်ချက်ရခဲ့ပြီး ၎င်းကို စတီးခေါက်ဓားဖြင့် ထိုးခဲ့သူ ဒုတိယနှစ် စက်မှုအင်ဂျင်နီယာ ကျောင်းသားကို ဖမ်းဆီးအရေးယူထားကြောင်း ရဲအရာရှိက ပြောသည်။

“အခင်းမဖြစ်ခင် တစ်ရက်အလိုမှာ ကျောင်းသားနှစ်ယောက်က စာသင်ဝိုင်း အချိန်ကိစ္စ ညှိနှိုင်းရာကနေ ဖုန်းထဲမှာ တစ်ယောက်တစ်ခွန်း စကားများထားကြတယ်။ ဒါကို ထပ်မကျေနပ်လို့ နောက်နေ့ မနက်ကျ ကားဂိတ်မှာ ပြန်ဆုံချိန်ထပ် စကားများကြရင်း ဓားထိုးမှုဖြစ်ခဲ့တာ။ ဓားနဲ့ထိုးခံရတဲ့ ကျောင်းသားရဲ့ ဒဏ်ရာအခြေအနေကလည်း အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး”ဟု ရဲအရာရှိက ရှင်းပြသည်။

ဓားဒဏ်ရာ ရရှိခဲ့သည့် ဒုတိယနှစ် စက်မှုအင်ဂျင်နီယာ ကျောင်းသားမှာ အင်းစိန်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ဓားထိုးမှု ကျူးလွန်ခဲ့သည့် ကျောင်းသားကို မှော်ဘီမြို့မ ရဲစခန်းက (ပ) ၁၂၇၇/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03