News

POST TYPE

LATEST NEWS POST

လှိုင်မြို့နယ်တွင် ဆိုက်ကားနင်းသူများ အဖွဲ့လိုက် ခိုက်ရန်ဖြစ်
03-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၂ 

လှိုင်မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ပိတောက်ရွှေဝါ ၁ လမ်းထိပ်ရှိ အနှေးယာဉ်ဂိတ်တွင် ဆိုက်ကားနင်းသူများအဖွဲ့ အပြန်အလှန်စကားများ ခိုက်ရန်ဖြစ်ရာမှ အမျိုးသားလေးဦး ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

“မနက်ပိုင်းက စကားများ ရန်ဖြစ်ထားတဲ့ကိစ္စကို မကျေနပ်လို့ ညပိုင်းမှာ ရန်ထပ်ဖြစ်တာ။ သံတုတ်တွေ၊ ဓားတွေ သံချွန်တွေပါ ပါလာတာကြောင့် လေးယောက် ဗိုက်ထိုးသွင်း ဒဏ်ရာတွေရခဲ့ပြီး ရန်ကုန် ဆေးရုံကြီး တင်ထားရတယ်။ အမှုက နှစ်ဖက် အပြန်အလှန် ဖွင့်ထားတာပါ”ဟု ရဲအရာရှိက ပြောသည်။

အမှုဖွင့်တိုင်ချက်အရ ဩဂုတ်လ ၃၀ ရက် ည ၈ နာရီက လှိုင်မြို့နယ်၊ ပိတောက်ရွှေဝါ ၁ လမ်းထိပ်ရှိ အနှေးယာဉ်ဂိတ်တွင် ဆိုက်ကားနင်းသူ အမျိုးသားသုံးဦးကို ယင်းနေ့ မနက်ပိုင်းက စကားများရန်ဖြစ်ခဲ့သည့် ဆိုက်ကားနင်းသူ အမျိုးသားနှစ်ဦးအပါအဝင် လေးဦးတို့က သံတုတ်ဖြင့် ရိုက်၊ ဓားဖြင့် ထိုးခဲ့သောကြောင့် ပြစ်မှုကျူးလွန်သူများကို လှိုင်မြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၃၂၅/၁၁၄ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

ပုဒ်မသုံးခုဖြင့် အမှုဖွင့်ခံရသူ လေးဦးဘက်မှလည်း အခင်းဖြစ်ညက ပိတောက်ရွှေဝါ ၁ လမ်းထိပ်ရှိ အနှေးယာဉ်ဂိတ်တွင် လူတစ်စုက ဆိုက်ကားနင်းသူ အသက် ၄၇ နှစ် အမျိုးသားကို ဝိုင်းရိုက်နေစဉ် ဝင်ဆွဲသည့် အသက် ၂၀ နှစ် အမျိုးသားတစ်ဦးကိုပါ သံတုတ်ဖြင့်ရိုက် သံချွန်ဖြင့် ထိုးခဲ့သောကြောင့် ထိုးသွင်းစုတ်ပြဲဖူးရောင် ဒဏ်ရာများရရှိခဲ့သဖြင့် နာကျင်ဒဏ်ရာများ ရရှိအောင် ပြုလုပ်ခဲ့သည့်အဖွဲ့ကို ရာဇသတ်ကြီး ပုဒ်မ ၃၂၅/၃၂၄/၁၁၄ ဖြင့် ပြန်လည်အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03



  • VIA