News

POST TYPE

LATEST NEWS POST

ရန်ကုန်-တောင်ငူလမ်းပိုင်း အထူးရထား တစ်စင်း ရက်အကန့်အသတ်မရှိ ပြေးဆွဲ
01-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၁

ရန်ကုန်-တောင်ငူလမ်းပိုင်း စီးနင်းသည့် ခရီးသည်များ သွားလာမှု အဆင်ပြေစေရန် ဩဂုတ်လ ၃၁ ရက်မှစ၍ အထူးရထားတစ်စင်းကို ရက်အကန့်အသတ်မရှိ ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထား၊ တိုင်း-၇၊ သွားလာပို့ဆောင်ရေးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“စပြေးတာကတော့ ၃၁ ရက်နေ့ကပါ။ ရန်ကုန်-မန္တလေးလမ်းပိုင်း ပြုပြင်မှုမပြီးမချင်း ပြေးပေးမှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

အဆန်အထူးရထားအနေဖြင့် ရန်ကုန်မှ ည ၉ နာရီထွက်ခွာပြီး တောင်ငူကို နံနက် ၂ နာရီ၊ ၅ဝ မိနစ်တွင် ရောက်ရှိမည်ဖြစ်ပြီး အစုန်အထူးရထားအနေဖြင့် တောင်ငူမှ နံနက် ၁ဝ နာရီ၊ ၄၅ မိနစ်ထွက်ခွာပြီး ရန်ကုန်ကို ညနေ ၅နာရီတွင် ရောက်ရှိမည်ဖြစ်သည်။

ထပ်မံ၍ ယခင် နေပြည်တော်-မော်လမြိုင် ပြေးဆွဲပေးနေသည့် လူစီးရထားကို တောင်ငူ-မော်လမြိုင် ခရီးစဉ်အဖြစ် ယာယီပြောင်းလဲကာ တစ်ရက်ခြား အစုန်၊ အဆန် ပြေးဆွဲပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“တောင်ငူ-မော်လမြိုင် ခရီးစဉ်ကိုလည်း မနေ့က စပြေးပေးတာပါ။ သူကတော့ နေ့တိုင်း မဟုတ်ဘူး။ ရက်ခြားပဲ ပြေးပေးမှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းတွင် အမှတ် ၇ အဆန်၊ ၈ အစုန်၊ အမှတ် ၃ အဆန်၊ ၄ အစုန်၊ အမှတ် ၃၁ အဆန်၊ ၃၂ အစုန် အမြန်ရထားများ ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

J-06