News

POST TYPE

LATEST NEWS POST

မီးကင်းတဲပေါ်တက်အိပ်သည့် အသက် ၈၅ နှစ်အဘိုးအို ပြုတ်ကျသေဆုံး
ရန်ကုန်၊ ဩဂုတ် ၂၉ 

တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ သူရလမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးရှိ မီးကင်းတဲပေါ်တက်အိပ်သည့် အသက် ၈၅ နှစ်အရွယ်အဘိုးအို ပြုတ်ကျကာ ဩဂုတ်လ ၂၈ ရက် ညနေ ၄ နာရီခွဲခန့်က သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းလမ်းအတွင်းတွင်နေထိုင်သူ ဦးညွန့်မောင်သည် ယင်းနေ့ နံနက် ၅ နာရီခန့်က မီးကင်းတဲပေါ်မှ အပေါ့သွားရန်ထစဉ် မီးကင်းတဲအောက်ရှိ အကျယ် ၃ ပေ၊ ရေအနက် ၅ ပေခန့်ရှိ ရေနည်းငယ်သာစီးဆင်းနေသော ရေမြောင်းထဲပြုတ်ကျခဲ့ရာ အုတ်ခဲဘောင်နှင့်ရိုက်မိပြီး ဘယ်မျက်ခုံးပေါက်ပြဲဒဏ်ရာ၊ ဘယ်လက်ခုံ ပွန်းခြစ်ဒဏ်ရာများဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“သူက ဒီမီးကင်းတဲပေါ်မှာ အမြဲအိပ်နေကျလို့ သိရတယ်၊ အမြင့် ၁၀ ပေ လောက်ကနေ ပြုတ်ကျတာဆိုတော့ စကားမပြောနိုင်ဘူး၊ အဲဒါနဲ့ သူ့မိသားစုဝင်တွေက ဆေးရုံပို့လိုက်တာပါ။ သူ့ဖြစ်စဉ်ကို သူ့တူမအရင်းဖြစ်သူ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောပြတယ်။ ရဲစခန်းအနေနဲ့ကတော့ ဓမ္မတာအတိုင်း ဟုတ်၊ မဟုတ် သိရအောင် သေမှုသေခင်းဖွင့် စစ်ဆေးနေပါတယ်” ဟု ရဲအရာရှိတစ်ဦး ရှင်းပြသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ရုပ်အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံကြီး မှ PR- 50 ဖြင့် လက်ခံစစ်ဆေးနေပြီး တောင်ဥက္ကလာပမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂၂/ ၁၈ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်တွင် အမြင့်မှ ပြုတ်ကျသေဆုံးသူ ၆၀ ဦးရှိခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ အမြင့်မှ ပြုတ်ကျ သေဆုံးသူ ၄၀ ဦးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။

J-16