News

POST TYPE

LATEST NEWS POST

ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် ကောက်ပဲသီးနှံများ အာဟာရလျော့ကျကာ ကမ္ဘာ့လူသန်းပေါင်းများစွာ ဘေးအန္တရာယ်ဖြစ်လာနိုင်ဟု ပညာရှင်များသတိပေး
29-Aug-2018


ဘာလင်၊ ဩဂုတ် ၂၈

ရာသီဥတုပြောင်းလဲဖောက်ပြန်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ မြင့်မားလာခြင်းက ကမ္ဘာတစ်ဝန်းတွင် စိုက်ပျိုးနေသော ကောက်ပဲသီးနှံများ၏ အာဟာရတန်ဖိုးများ ကျဆင်းအောင် အန္တရာယ်ပြု ခြိမ်းခြောက်လာပြီဖြစ်သည်ဟု သုတေသန စစ်တမ်းတစ်ရပ်က အရေးတကြီးသတိပေးလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုနှင့် ကာဗွန်ဒိုင်အောက်ဆိုက်များ မြင့်မားလာခြင်းကြောင့် ကောက်ပဲသီးနှံများ၏ အာဟာရကို လျော့ကျစေမည့် အန္တရာယ်ရှိလာကြောင်း၊ သို့အတွက်ကြောင့် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် ယင်းကောက်ပဲသီးနှံများကို မှီခိုနေရသူ ဆင်းရဲနွမ်းပါးသူ သန်းပေါင်းများစွာအတွက် ဘေးဒုက္ခကြီးတစ်ရပ် ဖြစ်စေနိုင်ကြောင်း Nature Climate Change ဂျာနယ်က အဆိုပါသုတေသနစစ်တမ်းကို ကိုးကားဖော်ပြသည်။ 

Harvard တက္ကသိုလ်မှ သုတေသီများ ဦးဆောင်ပြုလုပ်ခဲ့သည့် ယင်းသုတေသနစစ်တမ်းတွင် ကမ္ဘာ့လူဦးရေသန်းပေါင်းများစွာသည် အာဟာရချို့တဲ့မှုဖြစ်မည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်ကြောင်း၊ အကြောင်းမှာ လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ပမာဏ မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းဖြစ်ရပ်က အနာဂတ်ကာလ ကမ္ဘာ့ကျန်းမာရေးနှင့်ပတ်သက်၍လည်း အရေးတကြီး ဖြေရှင်းရမည့်ကိစ္စရပ် များစွာရှိလာကြောင်း စစ်တမ်းက ထောက်ပြထားသည်။ 

ကာဗွန်ထုတ်လုပ်မှုလျှော့ချရန် ကြိုးပမ်းမှုများကြောင့် လာမည့်နှစ်များအတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ လျော့နည်းလာနိုင်သည်မှာ မှန်သော်လည်း ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ ၁၇၅ သန်းခန့်မှာ ဇင့်ဓာတ်ချို့တဲ့မှု ဖြစ်ပေါ်နိုင်ပြီး ၁၂၂ သန်းမှာ ပရိုတိန်းချို့တဲ့မှုတို့ ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။ 

ပိုဆိုးသည်မှာ ကလေးမီးဖွားသည့် အမျိုးသမီး ၁ ဒသမ ၄ သန်းခန့်နှင့် အသက် ၅ နှစ်အောက်အရွယ် ကလေးငယ်များအနေနှင့် နေ့စဉ်စားသုံးသည့် အစားအစာများထဲတွင် သံဓာတ် ၄ ရာခိုင်နှုန်း ဆုံးရှုံးမည်ဖြစ်ကြောင်း၊ သို့အတွက်ကြောင့် ၎င်းတို့အနေနှင့် သွေးအားနည်းရောဂါဖြစ်မည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သတိပေးဖော်ပြသည်။ 

ရေရှားပါးခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ မြင့်မားခြင်း စသည်ကဲ့သို့သော သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုများသည် ကောက်ပဲသီးနှံပင်များ၏ အာဟာရပြည့်ဝမှု အရည်အသွေးကို ထိခိုက်ကျဆင်းစေသည်ဟု ဆက်လက်သတိပေးသည်။ 

ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ မြင့်မားသည့် ပတ်ဝန်းကျင်တွင် စိုက်ပျိုးကြီးထွားရသော ကောက်ပဲသီးနှံများတွင် ပရိုတိန်း၊ သံနှင့် ဇင့်ဓာတ်တို့ ၃ ရာခိုင်နှုန်းမှ ၁၇ ရာခိုင်နှုန်းအထိ လျော့ကျသွားသည်ကို သုတေသီများက လေ့လာတွေ့ရှိခဲ့ကြသည်။ 

သိပ္ပံပညာရှင်များ၏ သတိပေးချက်အရ အကယ်၍ ကာဗွန်ထုတ်လုပ်မှုပမာဏကို လျှော့ချနိုင်ခြင်းမရှိပါက ကောက်ပဲသီးနှံများရှိ အဆိုပါအာဟာရဓာတ်များ လျော့ကျမှုလည်း ပိုမိုမြင့်မားမည်သာဖြစ်သည်။ 

အနာဂတ်တွင် ဖြစ်ပေါ်နိုင်ဖွယ်ရှိသည့် အဆိုပါကောက်ပဲသီးနှံများအာဟာရ ကျဆင်းမှုပြဿနာနှင့်ပတ်သက်၍ အဆိုးရွားဆုံး ထိခိုက်ကြရမည့်နေရာများမှာ ဝင်ငွေနိမ့်ကျသည့် နိုင်ငံများပင်ဖြစ်သည်ဟု ဟားဗက်တက္ကသိုလ် သီးပင်ပန်းပင် အာဟာရဆိုင်ရာ သုတေသနအဖွဲ့မှ သုတေသီ ဆန်မြူရယ်မေယာက DW သို့ ပြော ကြားသည်။ 

ကာဗွန်ဒိုင်အောက်ဆိုက်သည် အပင်ကြီးထွားရေးအတွက် မရှိမဖြစ်လိုအပ်သော်လည်း ယင်းပမာဏ အဆမတန်လက်ခံရရှိမှုက ကောက်ပဲသီးနှံအာဟာရ ပါဝင်မှုအချိုးကို ကမောက်ကမ ဖြစ်စေနိုင်သည်။ ဆန်မြူရယ်မေယာ၏ သုံးသပ်ပြောဆိုချက်အရ ဂျုံနှင့် ဆန်စပါးကဲ့သို့သော ကောက်ပဲသီးနှံများတွင် ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ အဆမတန်စုပ်ယူမှုကြောင့် ပရိုတိန်း၊ ဇင့်နှင့် သံဓာတ်တို့လျော့နည်းသွားကာ ကာဗိုဟိုက် ဒရိတ်နှင့် ဂလူးကိုစ်ပမာဏများ ပိုမိုမြင့်တက်လာနိုင်ကြောင်း သိရသည်။ 

F-01


  • VIA