News

POST TYPE

LATEST NEWS POST

မယ်လ်ကွန်တန်ဘူးလ် ဖြုတ်ချခံရပြီး စကော့မောရစ်ဆင် ဩစတြေးလျဝန်ကြီးချုပ်သစ်ဖြစ်
26-Aug-2018


ကန်ဘာရာ၊ ဩဂုတ် ၂၅

ဩစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန်တန်ဘူးလ်ကို ပါတီတွင်း ပြိုင်ဘက်များက ပါတီခေါင်းဆောင်အဖြစ်မှ ဖြုတ်ချခဲ့ပြီးနောက် ဝန်ကြီးချုပ်နေရာကပါ ဆင်းပေးခဲ့ရပြီး ပါတီတွင်း မဲပေးဆုံးဖြတ်မှုတွင် အနိုင်ရကာ ပါတီခေါင်းဆောင်သစ်ဖြစ်လာသူ စကော့မောရစ်ဆင်မှာ ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

စစ်တမ်းများအရ ထောက်ခံမှုကျဆင်းနေသောကြောင့် တန်ဘူးလ်မှာ ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသလို ပါတီတွင်းမှ ကွန်ဆာဗေးတစ်ဝါဒီ အမတ်များ၏ ပုန်ကန်မှုနှင့် ရင်ဆိုင်ခဲ့ရသည်ဟု တန်ဘူးလ်က ပြောကြားခဲ့သည်။

ပါတီတွင်းမဲပေးမှုတွင် ဘဏ္ဍာရေးဝန်ကြီး မောရစ်ဆင်က ပြိုင်ဘက် ပြည်ထဲရေးဝန်ကြီး ပီတာဒက်တန်ကို ၄၅ မဲ - ၄၀ မဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ တန်ဘူးလ်ကို ဦးဆောင်ဖြုတ်ချခဲ့သူ ဒက်တန်မှာ ကပ်အရေးနိမ့်သွားခြင်းဖြစ်သည်။

တန်ဘူးလ်သည် ဆယ်စုနှစ်တစ်ခုအတွင်း ပါတီတွင်းဖြုတ်ချမှုဖြင့် ရာထူးမှ ဆင်းပေးခဲ့ရသော စတုတ္ထမြောက် ဩစတြေးလျ ဝန်ကြီးချုပ်ဖြစ်လာသည်။ 

“ကြီးမြတ်တဲ့နိုင်ငံရဲ့ ခေါင်းဆောင် ဖြစ်ခွင့်ရတာ အင်မတန်ကံထူးတဲ့ကိစ္စပါ။ ကျွန်တော် ဩစတြေးလျကို ချစ်တယ်၊ ဩစတြေးလျပြည်သူတွေကို ချစ်တယ်”ဟု တန်ဘူးလ်က ပြောကြားခဲ့သည်။

ရွေးကောက်ပွဲနီးလာချိန်တွင် အမတ်များမှာ အစိုးရအဖွဲ့အပေါ် လူထုထောက်ခံမှု ကျဆင်းနေသည့်အပေါ် စိုးရိမ်မှုများရှိနေပြီး မကြာသေးမီက ကြားဖြတ်ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့မှုကလည်း အခြေအနေကို ထင်ဟပ်နေစေခဲ့သည်။

ပြီးခဲ့သည့်အပတ်က စွမ်းအင်မူဝါဒနှင့်ပတ်သက်ပြီး သဘောကွဲလွဲကြရာမှာ သဘောထားပျော့ပျောင်းသည့် တန်ဘူးလ်နှင့် ပါတီတွင်းမှ ကွန်ဆာဗေးတစ်အုပ်စုအကြား ကာလရှည်တင်းမာမှု ပွင့်အံထွက်လာခဲ့ခြင်းဖြစ်သည်။

ဒက်တန်၏ တန်ဘူးလ်ကိုစိန်ခေါ်မှုမှာ မအောင်မမြင်ဖြစ်သွားခဲ့သော်လည်း ပါတီတွင်း သဘောကွဲလွဲမှုကို ပိုမိုဆိုးရွားစေခဲ့သည်။

တန်ဘူးလ်သည် အဓိကကျသူများ၏ ထောက်ခံမှုမရတော့သောကြောင့် ရာထူးမှ ဆင်းပေးခဲ့ပြီး သူ့အစား မော်ရစ်ဆင် ဝင်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ပိုရှုပ်ထွေးသွားသည်မှာ တန်ဘူးလ်က အမတ်နေရာမှပါ နုတ်ထွက်မည့် သဘောပြောခဲ့ရာ ထိုအမတ်တစ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ပြန်လုပ်ရလျှင် လက်ရှိအစိုးရ၏ အမတ်တစ်နေရာသာ အသာရသောလူများစုဖြစ်မှု ဆုံးရှုံးသွားနိုင်သည့် အခြေအနေဖြစ်သည်။

သို့သော်လည်းမော်ရစ်ဆင်နိုင်သွားသောကြောင့် တန်ဘူးလ်က အမတ်နေရာမှ ချက်ချင်းနုတ်ထွက်ဖွယ်မရှိတော့ပေ။ 

ဝန်ကြီးချုပ်သစ် မော်ရစ်ဆင်သည် ဩဂုတ်လ ၂၄ ရက်နေ့တွင် ကျမ်းကျိန်ခဲ့ပြီး သူ့အစိုးရအဖွဲ့သစ်ကို နောက်တစ်ပတ်အတွင်း ဖွဲ့စည်းမည်ဖြစ်သည်။

ခရီးသွားလုပ်ငန်းအရာရှိတစ်ဦးဖြစ်သူ မော်ရစ်ဆင်သည် ၂၀၀၇ ခုနှစ်တွင် အမတ်ဖြစ်လာခဲ့ပြီး အဓိက ဝန်ကြီးနေရာ သုံးခုအထိ တာဝန်ယူဖူးသူဖြစ်သည်။ 

လူမှုရေးဆိုင်ရာ ကိစ္စရပ်များတွင် ကွန်ဆာဗေးတစ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသော်လည်း လစ်ဘရယ်ပါတီ၏ သဘောထားပျော့ပျောင်းသည့် အုပ်စုနှင့် အဆင်ပြေသူဖြစ်သည်။

တိုနီအဘော့တ် အစိုးရလက်ထက်တွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် ထင်ရှားလာသူဖြစ်ပြီး “ခိုးဝင်လှေများ ဟန့်တားရေး” မူဝါဒ အကောင်အထည်ဖော်ရာတွင် တင်းကျပ်စွာကိုင်တွယ်သူအဖြစ် ထင်ရှားသူဖြစ်သည်။

F-03