News

POST TYPE

LATEST NEWS POST

ဘုရားတွင် ကြေးခေါင်းလောင်းခိုးသည့် ကလေးနှစ်ဦး မိသားစုခံဝန်ဖြင့် ပြန်လွှတ်
24-Aug-2018

ထားဝယ်၊ ဩဂုတ် ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာ ရပ်ခံတောင် ဘုရားတွင် ခေါင်းလောင်းခိုးယူခဲ့သည့် ကလေးနှစ်ဦး၏ အဘိုးနှင့်အဘွားကို ခံဝန်လက်မှတ်ထိုးစေပြီး ပြန်လွှတ်ပေးလိုက်ကြောင်း ရပ်ခံတောင်စေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။

ယင်းကလေးနှစ်ဦးမှာ ခေါင်းလောင်းခိုးယူရန် တစ်ဦးတစ်ယောက်က အသုံးချ ခိုင်းစေခံရခြင်းသာဖြစ်သောကြောင့် ရဲစခန်းတွင် အမှုဖွင့်လှစ်ခြင်းမရှိဘဲ အုပ်ထိန်းသူများကို ခံဝန်လက်မှတ်ထိုးစေပြီး ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဂေါပကဥက္ကဋ္ဌ ဦးအောင်စိန်က ပြောကြားသည်။

“ခေါင်းလောင်းက ဒီကလေးနှစ်ယောက် ခိုးဖိုးဆိုတာ မလွယ်ဘူး။ အရမ်းလေးတယ်။ လူကြီးတစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ ခိုးခိုင်းလို့ လုပ်တာပဲဖြစ်မယ်”ဟု ဦးအောင်စိန်က ဆိုသည်။

ရပ်ခံတောင်စေတီအောက်ဘက် ဘုရားအဆောင်တွင် တပ်ဆင်ထားသည့် ခေါင်းလောင်းအဝ ၄၀ လက်မ၊ အလေးချိန် ၇၅ ပိဿာရှိ ကြေးခေါင်းလောင်းကို ဩဂုတ်လ ၁၈ ရက် နေ့လယ်ပိုင်းတွင် ခိုးယူရန် ယင်းကလေးနှစ်ဦးက တောင်စောင်းမှ လိမ့်ချနေစဉ် ဖမ်းမိသွားခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်မတိုင်မီ မသင်္ကာဖွယ်ရာ လူစိမ်းတစ်ဦး ရွှေလိုင်းအမျိုးအစား ဆိုင်ကယ်ဖြင့် ရပ်ခံတောင်ပေါ်တက်လာခဲ့ကြောင်း၊ တောင်ခြေရင်းတွင်လည်း ခေါက်တုံ့ခေါက်ပြန် ဆိုင်ကယ်မောင်းနေသည်ကို သတိထားမိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းကလေးနှစ်ဦးအား မေးမြန်းချက်အရ ခေါင်းလောင်းခိုးရန် ခိုင်းစေခဲ့သူမှာ အမျိုးသားတစ်ဦးဖြစ်ပြီး ထားဝယ်မြို့ မြို့သစ် အမှတ် (၆) လမ်းတွင် နေထိုင်သည်ဟု သိရကြောင်း ယင်းကလေး တစ်ဦး၏ အဘိုးဖြစ်သူက ပြောကြားသည်။

“ကလေးတွေကို ကစားစရာဝယ် ပေးမယ်ပြောပြီး ခိုးခိုင်းတာလို့ ပြောတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော် ၎င်းအမျိုးသားအား သွားရောက်စုံစမ်းရာ ယင်းနေရာတွင် မရှိကြောင်း ဂေါပက ဥက္ကဋ္ဌ ဦးအောင်စိန်က ဆိုသည်။

ခေါင်းလောင်းခိုးယူခြင်း မခံရမီ တစ်လခန့်က ရပ်ခံတောင်ဘုရားရှိ အလှူခံပုံး တစ်ပုံးနှင့် ယင်းတောင်အောက်ရှိ သင်္ချိုင်းကုန်းမှ အလှူခံပုံးတို့ ခိုးယူခံရသည့်ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့ဖူးကြောင်း ရပ်ခံတောင်စေတီ ဂေါပကအဖွဲ့ထံမှ သိရသည်။

Dawei Watch