News

POST TYPE

LATEST NEWS POST

ဖားကန့်တွင် တစ်နိုင်တစ်ပိုင် ရွှေလုပ်ကွက်များ ချထားပေးရန်စီစဉ်
22-Aug-2018
မြစ်ကြီးနား၊ ဩဂုတ် ၂၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ဟောင်ပါးကျေးရွာအုပ်စုနှင့် ဆဒူးဇွတ်ကျေးရွာအုပ်စုအတွင်း တစ်နိုင်တစ်ပိုင် ရွှေလုပ်ကွက်များကို ချထားပေးရန် စီစဉ်နေကြောင်း ဖားကန့်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါနှစ်နေရာတွင် ပဏာမမြေ နေရာ ရွေးချယ်ကွင်းဆင်းတိုင်းထွာရန် စီစဉ်နေပြီး ယင်းမြေနေရာအတွင်း တစ်နိုင် တစ်ပိုင် လုပ်ကိုင်ရန်အတွက် လျှောက်ထားသည့် ကုမ္ပဏီများရှိနေပြီဖြစ်ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောကြားသည်။

“အခုရွှေလုပ်ကွက်တွေချပေးဖို့ ဆိုတာတော့ ရှိတယ်။ အခုနေရာရှစ်ခုကိုတော့ ကုမ္ပဏီရှစ်ခုက လျှောက်ထားတယ်။ ငါးခုကတော့ တနိုင်းလမ်းဘက်မှာ။ ကျန်တဲ့သုံးခုက ဟောင်ပါးဘက်မှာ။ အခု ကွင်းဆင်းဖို့ဆောင်ရွက်နေတယ်”ဟု ၎င်းက ရှင်းပြပြောဆိုသည်။

ယင်းသို့ လုပ်ကိုင်ခွင့်ချထားပေးရာတွင် အဆိုပါဒေသ၌ စိုက်ပျိုးထားသည့် ဥယျာဉ်ခြံမြေများနှင့် လွတ်ကင်းမှု ရှိ မရှိ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ရှိ မရှိ စသည့်တို့ကို လေ့လာဆန်းစစ်ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက ခွင့်ပြုမှသာ ရွှေနှင့် သတ္တုများကို တူးဖော်လုပ်ပိုင်ခွင့် ချထားပေးမည်ဖြစ်ကြောင်း ဖားကန့်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။ 

ကချင်ပြည်နယ်အတွင်း ဥရုချောင်းရှိ ရွှေလုပ်ကွက်များ၊ တနိုင်းဒေသရှိ ရွှေမှော်၊ ပယင်းမှော်များနှင့် အင်းတော်ကြီးအိုင်အနီး တရားမဝင် ရွှေတူးဖော်မှုများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ရှိနေသည့်အပြင် လက်ရှိဖားကန့်ဒေသတွင်လည်း ကျောက်စိမ်း အလွန်အကျွံ တူးဖော်မှုကြောင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးကာ မြေစာပုံများ စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့်လည်း ရေကြီးရေလျှံမှုများ မကြာခဏ ကြုံတွေ့ရလျက်ရှိကြောင်း ဒေသခံပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများက ပြောကြားသည်။ 

R-06