News

POST TYPE

LATEST NEWS POST

အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု ကာကွယ်ရေးစီမံချက် ၂၀၁၈ တွင် အပြီးဆွဲမည်
22-Aug-2018
ရန်ကုန်၊ ဩဂုတ် ၂၂

မြန်မာ့ပင်လယ်ပြင်အတွင်း ဆီယိုဖိတ်မှု အပါအဝင် ရေထုညစ်ညမ်းမှုကို ဥပဒေနှင့်အညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု ကာကွယ်ရေးစီမံချက်ကို ယခုနှစ်အတွင်း အပြီး ရေးဆွဲမည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက ပြောကြားသည်။
 
မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ်က ရေနံယိုဖိတ်မှုတုံ့ပြန်ဆောင်ရွက်ရေးကွန်ဗန်းရှင်း (OPRC Convention)၌ သဘောတူ လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။

ထို့ကြောင့် နိုင်ငံတကာဆိုင်ရာ ဥပဒေအပြင် ပြည်တွင်းဥပဒေများဖြစ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဥပဒေ၊ ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေတို့နှင့် ကိုက်ညီစေရန် အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက်ကို ၂၀၁၈ ခုနှစ်ကုန်တွင် အပြီးသတ် ရေးဆွဲမည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်

“မြန်မာ့ပင်လယ်နဲ့ မြစ်ချောင်းတွေ ကာကွယ်ဖို့ စီမံချက်မျိုးပါ။ မဏ္ဍိုင်သုံးခုရှိတယ်။ ပထမဆုံးက ကာကွယ်မှုအဆင့်၊ ဒုတိယပြင်ဆင်/တုံ့ပြန်တဲ့အဆင့် နောက်ဆုံးက လျော်ကြေးအဆင့်ဆိုပြီးတော့ လုပ်ထုံးလုပ်နည်းတွေ ရှိတယ်။ လောလောဆယ် ဥပဒေပိုင်း အရင်ဆုံးခိုင်မာအောင် ရေးဆွဲနေတာပေါ့”ဟု ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက ရှင်းပြသည်။

လက်ရှိတွင် ပင်လယ်တွင်း ဆီယိုဖိတ်မှု ဖြစ်စဉ်များကို အမျိုးသားအဆင့် ရေထု ညစ်ညမ်းမှု တုန့်ပြန်ဆောင်ရွက်ရေးစီမံချက်အရ အကောင်အထည်ဖော် ဆောင်ရွက်မည့်ကော်မတီအလိုက် စီမံကွပ်ကဲမည့်အဖွဲ့များ၊ တုံ့ပြန်ဆောင်ရွက်ရေး ဖွဲ့စည်းရန် ညှိနှိုင်းနေပြီဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ယခုလအတွင်း ရခိုင်ကမ်းလွန်ပင်လယ်အတွင်း၌ ရေနံယိုဖိတ်မှုဖြစ်ပွားခဲ့ပြီး ယင်းသို့ဖြစ်စဉ်များကြောင့် ရေသတ္တဝါများ၏ အသက်အန္တရာယ် ထိခိုက်မှုအပြင် ပင်လယ်အတွင်း ရေထုညစ်ညမ်းမှုကို များစွာဖြစ်ပေါ်စေသည့်အတွက် ပင်လယ်ပြင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေနှင့်နည်း ဥပဒေများ ခိုင်မာစွာ ရေးဆွဲပြဋ္ဌာန်းထားရန် လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်အချို့က သုံးသပ်ပြောဆိုသည်။

“စီမံချက်နဲ့ ဆွဲပြီးရင်တော့ ပင်လယ်ကမ်းရိုးနဲ့ ကမ်းလွန်ဒေသတွေမှာ ရေထုညစ်ညမ်းမှုနဲ့ ဆီယိုဖိတ်မှုတွေကို ကဏ္ဍအလိုက် စောင့်ကြည့်မယ့်အဖွဲ့၊ ဥပဒေအရ တုံ့ပြန်မယ့်အဖွဲ့တွေ ရှိလာမှာပါ”ဟု ရခိုင်ပြည်နယ်၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။

အဆိုပါစီမံချက်ရေးဆွဲမှု ပြီးပါက ရခိုင်၊ ဧရာဝတီ၊ မွန်၊ တနင်္သာရီ၊ ကရင်တို့ရှိ ကမ်းရိုးတန်းဒေသနှင့် ကမ်းလွန်ဒေသများ၊ ဧရာဝတီမြစ် ဖြတ်သန်းစီးဆင်းရာ ကချင်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးတို့ရှိ မြစ်ချောင်းများ အပါအဝင် ရန်ကုန်မြစ်ဝနှင့် ရန်ကုန်ဆိပ်ကမ်းဧရိယာများ၊ မြစ်ချောင်းများ၊ ကမ်းရိုးတန်းနှင့် ကမ်းလွန်ဒေသများကို ဆီယိုဖိတ်မှု တုံ့ပြန်ဆောင်ရွက်ရေး ဒေသကြီးများအဖြစ် သတ်မှတ်ထားသည်။ 

J-17