News

POST TYPE

LATEST NEWS POST

စင်ကာပူရှိ Dumex နို့မှုန့်များတွင် ဗက်တီးရီးယားပိုးတွေ့
21-Aug-2018 tagged as


ရန်ကုန်၊ ဩဂုတ် ၂၁

စင်ကာပူနိုင်ငံရှိ Dumex Mamil Gold နို့မှုန့်များတွင် အသက်အန္တရာယ် ဖြစ်စေနိုင်သည့် ဗက်တီးရီးယားပိုး တွေ့ရှိသဖြင့် အဆိုပါနို့မှုန့်များကို ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် ညွှန်ကြားထားကြောင်း စင်ကာပူအခြေစိုက် သတင်းမီဒီယာများက ရေးသားဖော်ပြကြသည်။

ပြင်သစ်အခြေစိုက် Dumex တံဆိပ်ဖြစ်သည့် မွေးကင်းစ ကလေးအရွယ်များ သောက်သုံးသည့် Step-1 နို့မှုန့်တွင် Cronobacter sakazakii အမည်ရှိ ဗက်တီးရီးယားကိုတွေ့ရပြီး ဓာတ်ခွဲတွေ့ရှိချက်များအရ ယင်းသည် ဦးနှောက်အမြှေးရောင်ခြင်းနှင့် အဆိပ်ပျံ့နှံ့ခြင်းတို့ ဖြစ်စေနိုင်ကြောင်း ဩဂုတ်လ ၂၀ ရက်နေ့က စင်ကာပူနိုင်ငံ Agri-Food & Veterinary Authority (AVA) က သတိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Dumex Mamil Gold Infant Milk Formula –Step-1(850g) ကုန်ပစ္စည်း အမျိုးအစား Batch Number (09117R1) တွင် ဗက်တီးရီးယားပိုး တွေ့ရှိခြင်းဖြစ်ကြောင်း၊ အဆိုပါပစ္စည်းသည် မလေးရှားနိုင်ငံက ထုတ်လုပ်ထားပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် သက်တမ်း ကုန်ဆုံးမည့်ပစ္စည်းများဖြစ်ကြောင်း ယင်းသတင်းများအရ သိရသည်။

“Batch တစ်ခုမှာပဲဖြစ်တာ၊ ဘူးနှစ်ဘူးမှာ စစ်လို့တွေ့တာ၊ ကျန်တာတွေမှာ တွေ့တာမဟုတ်ပါဘူး။ အဲဒီ Batch နံပါတ်ကလည်း အန်တီတို့ Mo Asia ကုမ္ပဏီကသွင်းတဲ့ Batch နဲ့ လုံးဝ မတူပါဘူး။ အန်တီတို့လည်း မလေးရှားက သွင်းတာပါပဲ။ အဲဒီမှာရှိတဲ့စက်ရုံက သူ့တိုင်းပြည်နဲ့သူ အကန့်တွေ ခွဲထားတယ်။ မြန်မာနဲ့ ကမ္ဘောဒီးယားက သတ်သတ်တစ်လိုင်းသွားတာပါ။ အခုဟာက မလေးရှားက ထုတ်ပေမယ့် စင်ကာပူတစ်ခုတည်းအတွက် ထုတ်ထားတဲ့ Batch ဖြစ်တယ်”ဟု မြန်မာနိုင်ငံသို့ Dumex ကုန်ပစ္စည်းများ တင်သွင်းသည့် Mo Asia ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အဆိုပါတွေ့ရှိချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ကို မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းသည့် နို့မှုန့်များ၏ အရည်သွေးနှင့်ဆက်စပ်၍ The Voice Daily က မေးမြန်းခဲ့ရာ FDA အနေနှင့် နို့မှုန့်များကို သီးသန့် ထပ်မံစစ်ဆေးရန် အစီအစဉ်မရှိဘဲ ပုံမှန် စစ်ဆေးနေသည့် လမ်းကြောင်းအတိုင်းသာ စစ်ဆေးသွားမည်ဖြစ်ကြောင်း FDA မှ တာဝန်ရှိသူက ပြန်လည်ဖြေကြားသည်။

“ဒီကိုသွင်းသမျှကို စစ်ဆေးပြီးမှ သွင်းခွင့်ပေးတာပါ။ လောလောဆယ် သွင်းထားတာတွေက Passed ဖြစ်လို့ သွင်းထားတာတွေချည်းပါပဲ။ ကျွန်တော်တို့ နည်းနှစ်ခုနဲ့ စစ်တယ်။ ပစ္စည်းသွင်းချင်လို့ လာလျှောက်တဲ့အချိန်မှာ တစ်ခါစစ်တယ်။ Passed ဖြစ်သွားပြီးရင် တစ်ခေါက် ထပ်စစ်တယ်။ အဆင်ပြေတော့မှ ဖြန့်ဖြူးခွင့်ပေးတာ။ နောက်ပြီး ဈေးကွက်မှာလည်း ပြန်စစ်တယ်”ဟု ၎င်းကဆို သည်။

J-12

  • TAGS