News

POST TYPE

LATEST NEWS POST

ရန်ကုန်ကုရ်ဘာနီအီးဒ်ပွဲ စည်းကမ်းချက်များနှင့်ကျင်းပမည်ဟု အစ္စလာမ်ဘာသာရေးအဖွဲ့ပြော
21-Aug-2018

ရန်ကုန်၊ ဩဂုတ် ၂၁

ဩဂုတ်လ ၂၂ ရက်တွင်ကျင်းပမည့် အစ္စလာမ်ဘာသာဝင်တို့၏ အီးဒ်ပွဲတော်အတွက် ရန်ကုန်တိုင်းအစိုးရက သတ်မှတ်ပေးထားသည့် နေရာများ၌ သတ်မှတ်စည်းကမ်းချက် ၁၀ ချက်နှင့်အညီ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ၂၀၁၈ ခုနှစ် ကုရ်ဘာနီ ကြီးကြပ်ရေး ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ဦးကျော်ခင်က ပြောကြားသည်။

ကုရ်ဘာနီအီးဒ်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုထားသည့် မြို့နယ် ၁၂ မြို့နယ်ရှိ နေရာ၂၂ နေရာ၌ ကုရ်ဘာနီ လုပ်မည်ဖြစ်ပြီး ကုရ်ဘာနီ အလှူရှင်များကို လိုက်နာရမည့် စည်းကမ်းချက် ၁၀ ချက် ထုတ်ပြန်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ ဒီပွဲတော်မှာ ဗဟိုကော်မတီနဲ့ တိုင်းအစိုးရက လိုက်နာရမယ့် စည်းကမ်းချက်တွေ ထုတ်ထားတယ်။ ပတ်ဝန်းကျင်ကိုလည်း အလေးထား ဆောင်ရွက်ရမယ်။ ကုရ်ဘာနီဆိုတာက သားကောင်တွေကို အလှူဒါနပြုလုပ်တဲ့ ပွဲတော်ပါ။ ကျွဲ၊ နွား၊ သိုး၊ ဆိတ်များကို အလှူဒါနလုပ်သွားမယ်”ဟု ၎င်းကဆိုသည်။

အများပြည်သူနှင့် သက်ဆိုင်သောနေရာသို့ လမ်းများတွင် သားကောင်ကို ချည်နှောင်ထားခြင်းမပြုရဘဲ သားကောင်များကိုဆွဲ၍ လူစုလူဝေးဖြင့် လှည့်လည်ခြင်း မပြုရကြောင်းနှင့် အများအမြင်တွင် မသင့်တော်သည့် ကိစ္စရပ်များတွင် ရှောင်ကြဉ်ရမည်ဖြစ်ကာ သားကောင်များကို တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းရာတွင် ဆွဲငင်ခြင်းမပြုဘဲ မော်တော်ယာဉ်များသာ သယ်ဆောင်ရမည်ဟု စည်းကမ်းချက် ထုတ်ပြန်ထားသည်။

“အီးဒ်နေ့ ဘာသာရေးပွဲက ထွေအုပ်က ဦးစီးပြီးလုပ်တာပါ။ စည်ပင်က သာမန် အသားထုတ်လုပ်ရုံကိစ္စပဲ လုပ်ပါတယ်။ ဘာသာရေးပွဲတွေကျ ထွေအုပ်က ဆောင်ရွက်တာပါ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ကုရ်ဘာနီသားကောင်များကို သတ်မှတ်ထားသည့်နေရာသို့ ဩဂုတ် ၂၁ ရက်နေ့ ညနေ ၆ နာရီ နောက်ဆုံးထား ပို့ ဆောင်ရမည်ဖြစ်ပြီး ရန်ကုန်တိုင်းခရိုင် ၄ ခရိုင်ရှိ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ လှိုင်သာယာမြို့နယ်၊ ဒလ၊ သန်လျင်၊ ဆိပ်ကြီးခနောင်တို၊ ကွမ်းခြံကုန်း၊ တွံတေး၊ ခရမ်း၊ သုံးခွ၊ ကျောက်တန်း၊ မှော်ဘီနှင့်တိုက်ကြီး စသည့်မြို့နယ် ၁၂ မြို့နယ်တွင် ပြုလုပ်မည်ဖြစ်သည်။

“နွားတစ်ကောင်ပေါက်ဈေးက အခုရန်ကုန်မှာ အကောင်ကြီးရင် ဆယ်သိန်း၊ အကောင်နည်းနည်းသေးရင် ၈ သိန်းနဲ့ ဝယ်ယူရပါတယ်။ ဘာသာရေးပွဲတော်မို့ သတ်မှတ်စည်းကမ်းချက်အတိုင်း လိုက်နာပြီး ဆောင်ရွက်သွားမယ်”ဟု အစ္စလာမ်ဘာသာဝင်ဖြစ်သူ ကိုအောင်ကျော်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုထားသည့်မြို့နယ် ၁၂ မြို့နယ်ရှိ နေရာ ၂၂ နေရာ၌ နွားကောင်ရေ ငါးထောင်အပြင် ကျွဲ၊ သိုး၊ ဆိတ်များကို ကုရ်ဘာနီပြုလုပ်မည်ဖြစ်သည်။

J-10