News

POST TYPE

LATEST NEWS POST

နှစ်များစွာကွဲကွာနေသော တောင်-မြောက် ကိုရီးယားမိသားစုများ ပြန်လည်တွေ့ဆုံခွင့်ရ
21-Aug-2018


ဆိုးလ်၊ ဩဂုတ် ၂၀

ကိုရီးယားစစ်ပွဲကြောင့် ကွဲကွာသွားခဲ့ရသော မိသားစုဝင်များ ပြန်လည်တွေ့ဆုံပွဲကို တနင်္လာနေ့က နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ပြုလုပ်ပေးခဲ့ရာ တောင်ကိုရီးယားနိုင်ငံမှ သက်ကြီးရွယ်အို ၁၀၀ ခန့်မှာ မြောက်ကိုရီးယားနိုင်ငံထဲသို့ သွားရောက်ကာ ၎င်းတို့၏ မိသားစုဆွေမျိုးများနှင့် ဆုံတွေ့ခွင့်ရရှိလိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

၁၉၅၀-၅၃ ခုနှစ်ကဖြစ်ပွားခဲ့သော ယင်းစစ်ပွဲကြီးကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တောင်နှင့်မြောက်ကိုရီးယားဟူ၍ နှစ်နိုင်ငံ ကွဲထွက်သွားခဲ့ရပြီး မိသားစုဝင်များလည်း တကွဲတပြားစီဖြစ်ခဲ့ရသည်။ 

ကိုရီးယားနှစ်နိုင်ငံမှာ တရားဝင် သတ်မှတ်ပြဋ္ဌာန်းချက်အရ ယနေ့အချိန်အထိ စစ်ခင်းနေရသည့်အနေအထားတွင် ရှိသည်။ အကြောင်းမှာ ယင်းစစ်ပွဲသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြင့်သာ အဆုံးသတ်ခဲ့ရသောကြောင့် ဖြစ်သည်။ 

တနင်္လာနေ့တွင်မူ တောင်ကိုရီးယားဘက်တွင် မဲနှိုက်သည့်စနစ်ဖြင့် ရွေးချယ်ခံထားရသူများကို မြောက်ကိုရီးယားဘက်သို့ ပို့ဆောင်ပေးကာ ကွဲကွာနေသော မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ရရှိခဲ့သည်။

တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည် ယင်းသို့ ကွဲကွာနေသည့် မိသားစုဝင်များ ပြန်လည်တွေ့ဆုံပွဲပြုလုပ်ပေးရန် လွန်ခဲ့သည့် နှစ်လကျော်ခန့်ကတည်းက သဘောတူညီချက်ရရှိခဲ့ကြသည်။ 

တောင်ကိုရီးယားဘက်တွင် မြောက်ကိုရီးယားသို့ သွားရောက်ခွင့် မဲပေါက်ထားသူများအနက် အသက်အကြီးဆုံးပုဂ္ဂိုလ်မှာ အသက် ၁၀၁ နှစ်ပင်ရှိပြီဖြစ်သည်။ 

နှစ်ဖက်နိုင်ငံမှ ရရှိသော စာရင်း ဇယားများအရ တောင်ကိုရီးယားဘက်မှ ၈၃ ဦးနှင့် မြောက်ကိုရီးယားဘက်မှ ၈၉ ဦးတို့ ပြန်လည်ဆုံတွေ့ခွင့် ရရှိမည်ဖြစ်သည်။ 

အသက် ၉၂ ရွယ်ရှိပြီဖြစ်သော လီကွမ်ဆွမ်းကမူ သူမအနေနှင့် စစ်တွင်းကာလကတည်းက ကွဲကွာသွားခဲ့ရသော သားဖြစ်သူကို သွားရောက်တွေ့ဆုံမည်ဖြစ်သည်ဟု ပြောကြားသည်။ 

“ကျွန်မနဲ့ သားလေး ကွဲသွားတုန်းက သားလေးက လေးနှစ်သားအရွယ်ပဲ ရှိသေးတယ်။ ကျွန်မခင်ပွန်းလည်း သေပြေးရှင်ပြေး ထွက်ပြေးခဲ့ရတယ်” ဟု မစ္စလီကွမ်ဆွမ်းက ပြောကြားသည်။ 

“ခုလိုတွေ့ဆုံခွင့်ရမယ့်နေ့ဆိုတာ ဘယ်တော့မှ ဖြစ်လာတော့မှာမဟုတ်ဘူးလို့ ထင်ထားခဲ့မိတာ။ စိတ်ကူးတောင် မယဉ်မိခဲ့ပါဘူး။ ကျွန်မသားလေး သက်ရှိထင်ရှားရှိနေသေးရဲ့လားဆိုတာတောင် မသိပါဘူး”ဟု ၎င်းက ပြောကြားသည်။ 

ကိုရီးယားစစ်ပွဲအတွင်း လူပေါင်း သန်းနှင့်ချီ၍ မိသားစုတကွဲတပြားစီ ဖြစ်သွားခဲ့သည်။ ညီအစ်ကိုမောင်နှမများ ကွဲပြားသွားသည်များရှိသလို ခင်ပွန်းနှင့် ဇနီး၊ မိဘနှင့် သားသမီးဟူ၍လည်း တကွဲတပြားစီ ဖြစ်ခဲ့ကြရသည်။ 

တွေ့ဆုံခွင့်ရရှိသော တောင်ကိုရီးယားပြည်သူများမှာ ဘတ်စ်ကားများဖြင့် နယ်စပ်ဒေသရှိ မောင့်ကွမ်ဂန်းအပန်းဖြေမြို့သို့ သွားရောက်ကာ ကွဲကွာခဲ့သော မြောက်ကိုရီးယားတို့နှင့် တွေ့ဆုံကြခြင်းဖြစ်သည်။ 

၎င်းတို့အနေနှင့် အဆိုပါမြို့တွင် သုံးရက်မျှ နေထိုင်ခွင့်ရရှိမည်ဖြစ်သော်လည်း ဆွေမျိုးသားချင်းများနှင့်တွေ့ဆုံမှုကိုမူ တစ်နေ့လျှင် နာရီအနည်းငယ်မျှသာ တွေ့ခွင့်ရမည်ဖြစ်သည်။ သတင်းများအရ စုစုပေါင်း ၁၁ နာရီမျှသာ တွေ့ဆုံခွင့်ရမည် ဖြစ်သည်။ 

လွန်ခဲ့သည့်နှစ်များအတွင်း၊ အထူးသဖြင့် တောင်နှင့်မြောက်ကိုရီးယားဆက်ဆံရေး တည်ငြိမ်အေးချမ်းနေချိန်တွင် ယင်းသို့တွေ့ဆုံမှုများပြုလုပ်ရန် နှစ်ဖက်အစိုးရတို့ စီစဉ်ပေးခဲ့ကြသည်။ မှတ်တမ်းများအရ လွန်ခဲ့သည့် ၁၈ နှစ်တာကာလအတွင်း ပြန်လည်တွေ့ဆုံပွဲ ၂၀ ခန့် ပြုလုပ်နိုင်ခဲ့သည်။

F-01